Tuesday, November 26, 2013

နောင်ချိုနှင့် ရွှေညောင်လမ်းစီမံကိန်း နောင်ချိုဘက်လမ်းပိုင်း ပြီးစီးတော့မည်

နောင်ချိုမြို့နယ်နှင့်ရှမ်းပြည်နယ်တောင်ပိုင်း ဆက်သွယ် ထားသော နောင်ချို-တောင်းခမ်း-ကျောက်ဂူ-အင်းတော်-ရပ်စောက်-ရွှေညောင်-လမ်းစီမံကိန်းတွင် နောင်ချိုမြို့ဘက်
အခြမ်းမှ တာဝန်ယူထားသော နောင်ချိုဒုဋ္ဌ၀တီ လမ်းပိုင်းသည်
ပြီးစီးရန် (၂)မိုင်ခန့်သာ လိုတော့ကြောင်း နောင်ချိုဆောက်လုပ်ရေး
လုပ်ငန်းတာဝန်ရှိသူများထံမှ သိရှိရသည်။

အဆိုပါလမ်းစီမံကိန်းအားလုံး ပြီးစီးပါက နောင်ချိုမြို့နှင့် ရှမ်းပြည်နယ် တောင်ပိုင်းအား (၁၅၇)မိုင်
အတိုဆုံးလမ်းဖြင့် သွားလာနိုင်တော့မည် ဖြစ်သည်။

“ကျွန်တော်တို့လမ်းပိုင်းက ပြီးဖို့(၂)မိုင်ပဲကျန်တော့တယ်၊
အင်းတော်နဲ့ ရပ်စောက် လမ်းပိုင်းကို လမ်းအထူးအဖွဲ့ကနေ
လုပ်နေပါတယ်။ ၂၀၁၄ နှစ်ဦးပိုင်းမှာ လမ်းပိုင်းပြီးသွားနိုင်ပါတယ်”
ဟု နောင်ချိုမြို့ ဆောက်လုပ်ရေးလုပ်ငန်း လက်ထောက် အင်ဂျင်နီယာက ပြောသည်။

ယင်းသို့ လမ်းပိုင်းပြီးစီး သွားပါက နောင်ချိုမြို့မှာ
စီးပွားရေးအရ လမ်းပမ်းဆက်သွယ်မှု အချက်အခြာကျသော မြို့(၁)မြို့ဖြစ်လာနိုင်ကြောင်း ဒေသခံများမှသုံးသပ်ပြောသည်။
လက်ရှိတွင် တောင်ပိုင်းမှ ကုန်တင်ကားများ သွားလာမှု ရှိနေပြီ ဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။

“တောင်ပိုင်းက ကုန်ကားတွေ ဒီလမ်းကနေ မူဆယ်ဘက် သွားတာမျိုးရှိနေပါပြီ။ တောင်ပိုင်း မြောက်ပိုင်းလမ်း
ပြီးသွားရင်တော့ ကားတွေပိုပြီး သွားလာကြတော့မယ်။ အဲ့ဒီအချိန်ဆိုရင်တော့ မြို့က ပိုပြီးတော့
စည်ကားလာနိုင်ပါတယ် ” ဟု နောင်ချိုမြို့ တောင်ရပ်ကွက်တွင်
နေထိုင်သူ ဒေသခံတစ်ဦးမှ ပြောသည်။

နောင်ချိုမြို့နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ရွှေညောင်မြို့
လမ်းပိုင်း ပြီးစီးသွားပါက ရွှေညောင်မြို့မှတဆင့်
တောင်ကြီးမြို့သို့ (၁၅၇)မိုင် ဖြင့် လွယ်ကူစွာ
သွားလာနိုင်တော့မည်ဖြစ်သည်။

စိုင်းကံသာ(လားရှိုး)

No comments:

Post a Comment