Monday, November 18, 2013

စစ်တွေ ထောင်ဝန်ထမ်းကို ထောင်အရာရှိက မျှော်စင်ပေါ်မှကန်ချသဖြင့် သတိမေ့ကာ ဆေးရုံတင်ရ ဟု ဆို ============================ By Twan Naing Thein စစ်တွေ ၊ ၁၈ နိုဝင်ဘာ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

ယမန်နေ့ တန်းဆောင်မုန်းလပြည့် ညနေပိုင်းတွင် ဂျူတီချိန်တွင် ထမင်းစားပွဲပေါ်အိပ်ပျော်နေမိသော စစ်တွေအကျဉ်းထောင်ဝန်တမ်းတစ်ဦးကို တာဝန်ကျအရာရှိက မိန်းဂျေးမျှော်စင် (ထောင်လယ်မျှော်စင်) မှ ကန်ချလိုက်ရာ ငါးနာရီခန့် သတိမေ့သွားသည့်အတွက် စစ်တွေဆေးရုံသို့ တင်ပို့ကုသထားရသည် ဟု ဆိုသည်။

ယမန်နေ့ညနေရှစ်နာရီခန့်တွင် ဂျူတီစ၀င်သော ထောင်ဝန်ထမ်း ကိုအောင်မျိုးထွန်း (၂၃-နှစ်) တစ်ယောက် ၀န်ထမ်းများထမင်းစားကြသည့် ထမင်းစားကျောက်ခုံပေါ်တွင် အိပ်ပျော်နေသည်ကို တာဝန်ကျအရာရှိ ဦးဌေးလွင် (ပုခုံးကြယ် နှစ်ပွင့်တပ် ဒု-ထောင်ပိုင် အဆင့် အရာရှိ) က ညနေကိုးနာရီခန့်တွင် တွေ့သည့်အတွက် ကိုအောင်မျိုးထွန်းအား စားပွဲပေါ်မှ ကန်ချပြီး ဆဲဆိုကြိမ်းမောင်းခဲ့သည် ဟု ဆိုသည်။

အချိန်အနည်းငယ်ကြာသွားပြီးသည့်နောက် ဆဲဆိုခံရသည်ကို ခံပြင်းမိသော ကိုအောင်မျိုးထွန်းက ဦးဌေးလွင် တက်သွားသည့် ထောင်လယ်မျှော်စင်သို့ လိုက်တက်သွားပြီး “ဆရာကျွန်တော့ကို အခုလို ခွေးပြော ၀က်ပြောပြော ပြီး ဆုံးမတာမျိုး လုပ်ဖို့မကောင်းဘူး” ဟု ပြောရာ ဦးဌေးလွင်က ၄င်းအား ကန်ပစ်လိုက်သဖြင့် အမြင့် ဆယ်ပေကျော်သာ မျှော်စင်ပေါ်မှ ကိုအောင်မျိုးထွန်း ပြုတ်ကျကာ မြေပြင် နှင့် ရိုက်မိပြီး သတိမေ့သွားခဲ့သည် ဟု ဆိုသည်။

သတိမေ့သွားသည့် ကိုအောင်မျိုးထွန်းအား ထောင်တွင်းမှ ဆေးမှူးအရာရှိ ဦးစောမင်းထွန်းက ပြုစုသော်လည်း သတိပြန်မလည်လာသဖြင့် ဖြစ်စဉ်အပြီး လေးနာရီခွဲခန့် အကြာ ညဉ့် တစ်နာရီခွဲတွင် စစ်တွေဆေးရုံသို့ တင်ပို့ကုသရာ၊ ဆေးရုံရောက်ပြီး မိနစ်အနည်းငယ်အကြာတွင် သတိပြန်လည်လာခဲ့သည်ဟု ဆိုသည်။

ကိုအောင်မျိုးထွန်းမှာ ယခုအထိ စစ်တွေဆေးရုံတွင်းတွင် ကုသမှုခံယူနေရဆဲ ဖြစ်ကြောင်း သိရသည်။ ၄င်း၏ ဖခင်ဖြစ်သူ အရာခံဗိုလ် ဦးထွန်းမောင်မှာလည်း စစ်တွေထောင်တွင် တာဝန်ထမ်းဆောင်ဆဲ အငြိမ်းစားယူခါနီး ၀န်ထမ်းတစ်ဦးဖြစ်သည်။

ကိုအောင်မျိုးထွန်းအား ကန်ချသူ ဒု-ထောင်ပိုင် ဦးဌေးလွင် (က/၃၉၈၄) ၏ လက်သီးအစွမ်း နှင့် ခြေကန်ချက်စွမ်းရည်တို့မှာ ကြီးနိုင်ငယ်ညှင်း ထောင်လောကတွင် များစွာ သတင်းကြီးသည် ဟု သိရသည်။

===============================
Like · · · 7 minutes ago ·

No comments:

Post a Comment