Tuesday, November 26, 2013

ဘော်ဒါဆောင်နေ ကျောင်းသူလေးရဲ့ စာအုပ်နဲ့ ပစ္စည်းတွေသိမ်းထားတဲ့ကိစ္စ မြို့နယ်သက်ဆိုင်ရာကို တိုင်ထားပေမယ့် NLDလူကြီးဖြစ်နေလို့ အရေးမယူတာလား..တဲ့(ဟာဂျူလီ-ကသာ)


၂၅၊၁၁၊၁၃ရက်နေ့ နေ့လည် (၁၂)နာရီ (၄၀)မိနစ်က ကျွန်တော်တို့ မီဒီယာရုံးကို ကသာမြိုနယ်၊မင်းလယ်ရွာမှ ဒေါ်မာမာအေးနှင့် ကလေးမလေးတစ်ဦး ရောက်ရှိလာပြီး
တူမဖြစ်သော ဒဿမတန်းကျောင်းသူတစ်ဦး၏ သင်လက်စဖြစ်သော ကျောင်းစာအုပ်များနှင့် အ၀တ်အစားများကို ဘော်ဒါပိုင်ရှင်ဖြစ်သူမှ ပြန်မပေးသည့်အတွက် ကျောင်းဆက်တက်ရန်
ခက်ခဲနေကြောင်း၊ထိုဖြစ်စဉ်အပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးထံစာတင်ထားခဲ့ သော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးခြင်း မရှိသည့်အပေါ် ဘော်ဒါဆောင်ပိုင်ရှင်မှာ
NLD တိုင်းအမှုဆောင် ဖြစ်နေဖြင်ကြောင်းများလားဟု သံသယများ ဖြစ်နေရကြောင်း လာရောက်ပြောကြားခဲ့ပါသည်၊ ယခုလို ကျောင်းသူတစ်ယောက် စာဆက်လက်သင်ကြားခွင့် မရခဲ့ခြင်းအပေါ်
ကသာမြို့နယ် NLDဥက္ကဌ ထံလည်းလူကိုယ်တိုင် သွားရောက်တိုင်ကြားပြီးခဲ့သော်လည်း သူအနေနှင့် ထိုဆရာနှင့် ညှိ၍ မရကြောင်း ပြောဆိုခဲ့သည်ဟု ခဲ့ပါသည်၊ထိုဘော်ဒါဆောင်မှာ ကသာမြို့နယ်
ကျောက်ထုံးကြီးကျေးရွာတွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဘော်ဒါတွင် ကျေးရွာNLD ဆိုင်းဘုတ်ထောင်ထားပြီး ပိုင်ရှင်ဆရာဖြစ်သူမှာလည်း NLDအဖွဲ့စစ်ကိုင်းတိုင်းဒေသကြီးကော်မီတီဝင်ဖြစ်ကြောင်း
ပြောဆိုချက်များအရ ကသာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးမြင့်ကြည်ထံ ဦးစွာ ဆက်သွယ်မေးမြန်းခဲ့ပါသည်၊
" သူတို့ လာတိုင်ကြတာဟုတ်ပါတယ်၊အဲဒီဆရာက တိုင်းဒေသကြီးကော်မီတီဝင်ဖြစ်နေတဲ့အပြင် NLDဆိုင်းဘုတ်လည်း ထောင်ထားပါတယ်၊ဒါကြောင့် ကျွန်တော်လည်း ဖုန်းဆက်ပေးပါတယ်၊
အဲဒီဆရာက ဒါဟာ NLDနဲ့မဆိုင်ဘူး၊သူ့ရဲ့ စီးပွားရေး အလုပ်သာဖြစ်တဲ့အကြောင်း ပြောပါတယ်၊ဒါနဲ့ ကျောင်းသူတွေရဲ့ အုပ်ထိန်းသူတွေ နောက်တစ်ခေါက်လာတော့ ခင်ဗျားတို့ သဘောအရသာ
ဆောင်ရွက်ပါ၊ကျွန်တော်ကတော့ ညှိလို့ မရဘူးလို့ ပြောပြလိုက်ပါတယ်" ဟုဆိုပါသည်၊
ထိုနောက် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်ထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ မိမိတို့ဆီ တိုင်စာရောက်လာကတည်းက မြို့နယ်ပညာရေးမှူးအား ထိုဖြစ်စဉ်အပေါ်အဖွဲ့ ဖွဲ့၍စစ်ဆေးရန်
ညွှန်ကြားထားပါကြောင်း၊ပညာရေးမှူးအနေဖြင့်လည်း ချောင်းဝတွင် ဆရာတစ်ဦးမှ နမ်းခိုင်းသည့် ပြဿနာအပေါ် စစ်ဆေးနေရသည့်အတွက် မအားလပ်သေး၍ မစစ်ဆေးရသေးသည် ဖြစ်နိုင်ကြောင်း၊
NLDကို ကြောက်၍ ဆက်မလုပ်ခြင်းမှာ မဟုတ်ပါကြောင်း၊ပညာရေးမှူးနှင့်အဖွဲ့မှ စစ်ဆေးတွေ့ရှိချက်ပေါ်မုတည်၍ ဥပဒေနှင့် ဆောင်ရွက်အရေးယူသွားမှာသာ ဖြစ်ကြောင်း" ပြောဆိုခဲ့ပါသည်၊
မြို့နယ်အုပ်ချုပ်ရေးမှူးထံ တိုင်ကြားချက် အကျဉ်းချုပ်မှာ ကျောက်ထုံးကြီးရွာရှိ ဆရာဦးကျော်စွာဝင်း ဦးစီးသော မျိုးစေ့မှန် စာသင်ဝိုင်းတွင် တူမဖြစ်သူမစပါယ်ပန်းအိလှိုင်ကို ညအိပ်ညနေ ကျောင်းအိပ်
ကျောင်းစား ထားခဲ့ပါကြောင်း၊(၁၀၊၁၁၊၁၃)ရက်နေ့ညနေ(၅)နာရီတွင် မိဘများမှ ကထိန်ပွဲသွားရန် မစပါယ်ပန်းအိလှိုင်နှင့် မလွင်မာမိုးတို့အား သွားခေါ်ခဲ့ကြောင်း၊(၈)နာရီ မထိုးခင် မိဘများအား လာခေါ်
ခိုင်းသဖြင့် စာနောက်ကျသည်ဆိုပြီး ကျောင်းသူ(၂)ဦးကို ဆရာဦးကျော်စွာဝင်းမှ တိုင်ကိုဖက်ခိုင်းပြီး (၃)လက်မပျဉ်ချောင်းဖြင့် (၅)ချက်ရိုက်နှက်ခဲ့ရာ (၃)ချက်မြောက်တွင် နာလွန်းသဖြင့် ဆက်လက်
အရိုက် မခံနိုင်တော့ကြောင်း ငို၍ ပြောဆိုရာ ခေတ္တအရိုက်ရပ်ပြီး နောက်(၂)ချက် ဆက်ရိုက်ပါကြောင်း၊အရိုက်ခံရသည့် နေရာမှာ နာကျင်လွန်းသဖြင့် ကျောင်းသူ(၂)ဦး တစ်ယောက်တင်ပါးကို တစ်ယောက်
ဆေးလူးပေးကြရကြောင်း၊ ထိုဖြစ်စဉ်အပေါ် အဒေါ်ဖြစ်သူဒေါ်မာမာအေးမှ လွန်ကျူးစွာရိုက်နှက်သည်ဆိုခါ ဘော်ဒါဆောင်မှ မစပါယ်ပန်းအိလှိုင်ပြန်ခေါ်ခဲ့ရာ ကျောင်းလခပေးမှသာ မစပါယ်ပန်းအိလှိုင်၏
စာအုပ်နှင့် အ၀တ်အစားသေတ္တာအားပြန်ပေးမည်ဆိုကြောင်း၊ နောက်နေ့ စာသင်ဝိုင်းလခ ကျန်ငွေ(၂၀၀၀၀)သွားပေးရာ နှစ်ကုန်အထိ ပေးရမည့်ငွေမှာ ကျပ်(၈၀၀၀၀)ဖြစ်ကြောင်း မပေးပါက
စာအုပ်နှင့် အ၀တ်အားသေတ္တာကို မပေးနိုင်ဟု ပြောလိုက်ကြောင်း ပါရှိပါသည်၊ထိုသို့စာအုပ်နှင့် အ၀တ်အစားသေတ္တာများ သိမ်းဆည်းထား၍ မစပါယ်ပန်းအိလှိုင်မှာ စာဆက်လက်သင်ကြားရေး
အခက်အခဲဖြစ်နေသောကြောင့် ၁၈ရက်နေ့ကတည်းက မြို့နယ်တာဝန်ရှိသူထံ အလျှင်အမြန်ဖြေရှင်းပေးနိုင်ရန် စာတင်ရခြင်း ဖြစ်ကြောင်း ပြောပြပါသည်၊
ထိုဖြစ်စဉ်အပေါ် ဥပဒေကျွမ်းကျင်သူတစ်ဦးမှ သုံးသပ်ပြောဆိုသည်မှာ " အရိုက်ခံရပြီးတဲ့အချိန် ရဲစခန်းမှာ အမှုဖွင့်ရင် ရတာပေါ့၊အခုချိန်မှ ဖွင့်ရင်တော့ ဆေးစာရဖို့ ခက်ခဲသွားသလို သက်သေကျောင်းသားတွေက
ဘော်ဒါဆောင်ကဆိုတော့ နည်းနည်းတော့ ခက်သွားတာပေါ့၊ဖွင့်လိုက်ပြီး မနိုင်ရင်ခက်မယ်၊ကလေးသူငယ်အက်နဲ့ဖွင့်ရင်တော့ ပိုထိရောက်မယ်ထင်ပါတယ်၊ဒီလိုဖြစ်စဉ်တွေဟာ မဖြစ်သင့်ပါဘူး၊" ဟုဆိုပါသည်၊
မြို့မိမြို့ဖတစ်ဦးကလည်း "NLD နဲ့ မဆိုင်ဘူးဆိုတာကတော့ မဟုတ်ဘူး၊ဆိုင်တာပေါ့၊ တိုင်းအမှုဆောင်တစ်ယောက်ဖြစ်တဲ့အပြင် ဘောဒါဆောင်မှာ ဆိုင်းဘုတ်လည်းထောင်ထားပြီးမှတော့ NLDနဲ့ မဆိုင်ဘူး ပြောလို့
ဘယ်ရပါ့မလဲ၊ဥပမာ ရဲအရာရှိတစ်ယောက်ဟာ အရပ်ဝတ်နဲ့ လူတစ်ယောက်ကို ထိုးတယ် ကြိတ်တယ်ဆိုရင် ရဲ အရာရှိထိုးတယ်ပဲ ပြောရမှာပေါ့၊ဒါအရပ်သားတစ်ယောက်အနေနဲ့ လုပ်တယ်လို့ ပြောလို့ ဘယ်ရပါ့မလဲ၊
ဒီတော့ ဒီဖြစ်စဉ်အပေါ်မှာ NLDကလည်း စစ်ဆေးအရေးယူသင့်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ကလေးသူငယ်အခွင့်အရေးဟာ (၁၆)နှစ်အောက်တွေ အားလုံးနဲ့ အကြုံးဝင်တယ်၊ဒါကတစ်ချက်၊နောက်တစ်ချက်က
ကျောင်းသူတစ်ယောက်ရဲ့စာအုပ်တွေ သိမ်းထားပြီး ပြန်မပေးတာဟာ သူမရဲ့ ပညာရေးရော ဘ၀နဲ့ပါဆိုင်တဲ့အတွက် သိပ်အရေးကြီးတယ်၊NLDက လုပ်နေတဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေးတွေ၊လူငယ်တွေရဲ့
အခွင့်အရေး ကာကွယ်မှုတွေ၊အကြမ်းဖက်မှု တားဆီးရေးတွေနဲ့ ဖီလာဖြစ်နေတော့ ဒါဟာ NLDအနေနဲ့လည်း အရေးယူဆောင်ရွက်သွားသင့်ပါတယ် ၊ကျွန်တော်တို့ အားကိုးချစ်ခင်တဲ့ NLDကို
ဘာမဟုတ်တာနဲ့ အထိအပါး မခံနိုင်ပါဘူး၊" ဟု ဆိုသွားခဲ့ပါသည်၊(ဟာဂျူလီ-ကသာ)

No comments:

Post a Comment