Monday, November 11, 2013

သမ္မတ၏ တောင်ငူခရီးစဉ်အတွင်း နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင်အချို့ ရေဘေးသင့် တောင်သူများအတွက် လှူဒါန်းမှုများ ပြုလုပ် Eleven Media Group

သမ္မတ ဦးသိန်းစိန်၏ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်သို့ သွားရောက်သည့် ခရီးစဉ်အတွင်း နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင်အချို့လည်း လိုက်ပါ၍ ရေဘေးသင့် တောင်သူများအား လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြကြောင်း အစိုးရ သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာ ၇ ရက်က ပဲခူးတိုင်းဒေသကြီး အတွင်းရှိ တောင်ငူမြို့ ခပေါင်းခန်းမ၌ တောင်ငူခရိုင် အတွင်းရှိ မြို့နယ်ငါးမြို့နယ်မှ ရေဘေးသင့် ပြည်သူများအား တွေ့ဆုံ၍ ရေဘေးသင့် ဒေသများတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ ထောက်ပံ့ကူညီ ဆောင်ရွက်ခဲ့မှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် ရေကြီးနစ်မြုပ်မှု ကာကွယ်ရေး လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြီး ငွေကြေးနှင့် ပစ္စည်းများ ထောက်ပံ့လှူဒါန်းမှု ပြုလုပ်ခဲ့သည်။

သမ္မတ၏ ခရီးစဉ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ ဒုတိယ၀န်ကြီးများနှင့် စီးပွားရေး လုပ်ငန်းရှင် အချို့လည်း လိုက်ပါခဲ့ကြသည်။

တောင်ငူခရိုင် အတွင်းရှိ ရေဘေးသင့် မြို့နယ်ငါးမြို့နယ်မှ တောင်သူများအတွက် ငွေကျပ်သိန်း ၁၀၀ နှင့် မျိုးစေ့များကို လှူဒါန်းပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က သဘာဝ ဘေးအန္တရာယ် ကျရောက်ချိန်တွင် အသုံးပြုသည့် အရေးပေါ်သုံး ဆေးပစ္စည်းများနှင့် ဘလီးချင်း ပေါင်ဒါတစ်ပုံး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်က ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငွေကျပ်သိန်း ၅၀ ကို အသီးသီး လှူဒါန်းခဲ့သည်။

ထို့ပြင် သမ္မတ၏ ခရီးစဉ်အတွင်း CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ငွေကျပ်သိန်း ၁၀၀၀ နှင့် ဒိုင်းမွန်းစတား ကုမ္ပဏီမှ ဒေါက်တာကိုကိုကြီးက ငွေကျပ်သိန်း ၁၀၀၀ လှူဒါန်းခဲ့ကြသည်။

မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်း အားထားရသော စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အပါအ၀င် အသေးစား အလတ်စား လုပ်ငန်းများအားလုံး သာမန်အနေအထားဖြင့်သာ လည်ပတ်နေရချိန်တွင် အစိုးရနှင့် နီးစပ်သည့် CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးမှာ အစိုးရသစ် သက်တမ်းအတွင်း လုပ်ငန်းများစွာကို တိုးချဲ့လုပ်ကိုင်နိုင်ခဲ့သည်။ ထို့ပြင် သယ်ယူပို့ဆောင်ရေးနှင့် ဆိပ်ကမ်းဝန်ဆောင်မှု ကဏ္ဍတွင်လည်း အလုံးအရင်းဖြင့် မြှုပ်နှံခွင့် ရရှိခဲ့သည့်အပြင် နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများကို ထပ်မံတိုးချဲ့နိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ် အတွင်း၌ Golden Myanmar လေကြောင်းလိုင်းကို တည်ထောင်ခွင့် ရရှိခဲ့ကာ နိုင်ငံ၏ အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီတွင်လည်း အဖွဲ့ဝင် ဖြစ်ခဲ့သည်။

ဒိုင်းမွန်းစတား ကုမ္ပဏီနှင့် Capital Development အုပ်စုမှ ဦးဆောင်သူ ဒေါက်တာကိုကိုကြီးမှာလည်း လက်ရှိအစိုးရ လက်ထက်တွင် ရရှိသည့် အခွင့်အရေးများကို အပြည့်အ၀ အသုံးချနိုင်ခဲ့ကာ မော်တော်ယာဉ် အများအပြားကို တင်သွင်းခဲ့ပြီး Capital Automotive ကားအရောင်းပြခန်းကိုလည်း တည်ထောင်ခဲ့သည်။ ကုန်သွယ်မှုနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ အဓိက လုပ်ဆောင်သော ဒိုင်းမွန်းစတား၏ ဦးဆောင်သူ ဒေါက်တာကိုကိုကြီးမှာ သမ္မတကို အကြံပြုမည့် အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီတွင် ပါဝင်ခွင့် ရရှိခဲ့သူဖြစ်သည်။

ယခင်အစိုးရ လက်ထက်များကလည်း နိုင်ငံအကြီးအကဲများ၏ ခရီးစဉ်များ၌ ယခုကဲ့သို့ပင် စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ ခရိုနီကြီးများက အတူတကွ လိုက်ပါကာ လှူဒါန်းမှုများ ပြုလုပ်လေ့ ရှိကြသည်။

No comments:

Post a Comment