ရှစ်လေးလုံး ဒီမိုကရေစီ
အရေးတော်ပုံ ငွေရတုအကြို စာနယ်ဇင်း ရှင်းလင်းပွဲ တက်ရောက်ခဲ့ခြင်းကြောင့်
ရာထူးမှ ထုတ်ပယ်ခံရသည့် ကျောင်းဆရာမအား ပညာရေး ၀န်ကြီးဌာနက အသေးစိတ်
ပြန်လည်စစ်ဆေး သွားမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် သြဂုတ် ၂၃ ရက် စက်မှုဝန်ကြီး ဌာနတွင်
ပြုလုပ်သည့် ၀န်ကြီးများနှင့် စာနယ်ဇင်း သမားများ တွေ့ဆုံဆွေးနွေးပွဲတွင်
ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။
ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဆက်လက် ပြောကြားရာတွင်
''ကျွန်တော် သတင်းစာမှာပါလို့ သိပြီးပါပြီ။ ကျွန်တော်ထင်တယ်။ ပွဲတက်တဲ့
ကိစ္စနဲ့တော့ မဖြစ်နိုင်ဘူး။ ခွင့်မတောင်းဘဲ ရန်ကုန်ကို သွားတာဖြစ်မယ်။
အဲဒီအခမ်းအနားကို ကျွန်တော်တို့ဆီက ပြည်ထောင်စု ၀န်ကြီးတောင် တက်တယ်။
ဒါနဲ့တော့ အရေးယူစရာ မရှိပါဘူး။ အရေးယူတာက အခြားစည်းကမ်း
ဖောက်မှုကြောင့်လား၊ ၀န်ထမ်းဆိုရင် ရန်ကုန်သွားရင် ခွင့်ယူသွားရမှာပေါ့။
သူ့ရဲ့ဖြစ်စဉ် အသေးစိတ်ကို ကျွန်တော်တို့ ပြန်လည်စစ်ဆေး
မေးမြန်းသွားမှာပါ'' ဟု ပြောကြားခဲ့သည်။
''အခုလို ပြန်စစ်ဆေး
မေးမြန်းမယ်ဆိုတော့ ကျွန်မအတွက် အရမ်းကောင်းပါတယ်။ အဲ့ဒီနေ့ကလည်း
ကျွန်မအတန်းမှူး ဦးတင်မောင်ဆွေကို ဖုန်းဆက်ပြီး ခွင့်တင်ခဲ့တယ်။
ဦးတင်မောင်ဆွေက အဲ့ဒါနဲ့ မလုံလောက်ဘူး ပြောလို့ ကျွန်မဆေးကုနေတဲ့
ဆေးစာတင်ခဲ့တယ်။ အရင်ကလည်း ခွင့်ယူရင် ဒီလိုပဲ ယူခဲ့တာပါပဲ။ ကျွန်မ၀န်ထမ်း
တစ်သက်မှာ နိုင်ငံတော်နဲ့ ပတ်သက်ပြီး ဘာမှ ပြစ်ချက် မရှိခဲ့ပါဘူး။
ကျောင်းမှာလည်း ဘာမှပြစ်ချက် မရှိခဲ့ပါဘူး။ တရားမျှတစွာနဲ့ ပြန်လည်စစ်ဆေး
ပေးစေချင်ပါတယ်'' ဟု ဆရာမ ဒေါ်စိုးစိုးခိုင်က ပြောကြားသည်။
ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ''သူ့ကို အရေးယူရတဲ့ အကြောင်း အမှန်သိဖို့
လိုမှာပေါ့။ ၈၈ နှစ်ပတ်လည်ရဲ့ အခမ်းအနားကို သွားတာ တစ်ခုတည်းနဲ့တော့
မဖြစ်နိုင်ဘူး။ သွားတဲ့အခါမှာ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းကို
ဘယ်လိုချိုးဖောက်ခဲ့လဲ။ မတက်နဲ့လို့ မပြောဘူး။ တက်တဲ့အခါမှာ သူ့စည်းကမ်း
အလိုက်တော့ လုပ်ရမှာပေါ့။ ကျွန်တော် ကိုယ်တိုင်လည်း ရန်ကုန်သွားရင်
ခွင့်တောင်းရတာပဲ။ ပညာရေး ၀န်ကြီးဌာနကို ဒါကို ထုတ်ပြန်ပေးဖို့
တိုက်တွန်းပေးပါ့မယ်'' ဟု ပြောကြားသည်။
Credit to =>Eleven Media Group<=>Thank<=
No comments:
Post a Comment