Tuesday, August 27, 2013

အခက်အခဲတွေကြားက ဘော်လီဘောမယ် (သို့ ) ချိုချိုဝင်း အောင်သုတ | အင်္ဂါနေ့၊ သြဂုတ်လ ၂၇ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၄၈ မိနစ်

အပြင်မှာ မိုးကတစ်ဝုန်းဝုန်းရွာနေသံကို သူမကြားနေရတယ်။ သူမရှိနေတဲ့ အားကစားရုံကြီးရဲ့ခေါင်မိုးကို တစ်ဖြောင်းဖြောင်း လာရိုက်နေသံကြောင့် နည်းပြဆရာရဲ့ စကားပြောသံကို မကြားတစ်ချက်ကြားတစ်ချက်။ ဒါပေမဲ့ သူမ အာရုံစိုက် နားထောင်ရင်း ဆရာရဲ့သင်ပြမှုတွေကို အာရုံစိုက်ထားလိုက်ပါတယ်။ ဆရာရဲ့ သင်ပြညွှန်ကြားမှုတွေ ခဏရပ်လိုက်ပြီး ကိုယ်တိုင်လေ့ကျင့်ခိုင်းပါတယ်။ မိုးသည်းလွန်းတာ ကြောင့် ခေါင်မိုးပေါ်က ယိုစိမ့်ကျလာတဲ့ မိုးရေတွေနဲ့ လွတ်တဲ့နေရာတစ်ခုကိုရွေးပြီး သူမဘောလုံးကို တစ်ဖုန်းဖုန်းပုတ်ရင်း လေ့ကျင့်နေလိုက်ပါတယ်။

မိသားစုထဲမှာ အငယ်ဆုံးသမီးအဖြစ် မွေးဖွားလာတဲ့ သူမကို အဖေနဲ့အမေက ချိုချိုဝင်းလို့ နာမည်ပေးခဲ့ပါတယ်။ ၁၉၈၆ ခုနှစ် ဒီဇင်ဘာလမှာ မွေးခဲ့တာဆိုတော့ သူမအသက် ၂၇ နှစ်တောင် ပြည့်ရော့မယ်။ ငယ်ငယ်တုန်းတည်းက သူမဟာ လှုပ်လှုပ်ရှားရှား အားကစားတွေကို သဘောကျခဲ့သူပါ။ ငယ်ငယ်တုန်း ကတော့ သူမမှာ ဖြစ်ချင်တဲ့ဆန္ဒတွေ အများကြီးရှိခဲ့တာပေါ့။ ဒါပေမဲ့ သူမမွေးဖွားခဲ့ရာ တွံတေးမြို့နားက နယ်တွေမှာက အားကစားပွဲတွေကို သေသေချာချာ လုပ်တာ မဟုတ်ဘဲမြို့တွေမှာပဲ ကျကျနနလုပ်ကြတာဆိုတော့ သူမတို့လို နယ်မြို့သူတစ်ယောက်အနေနဲ့ အားကစား ဆိုတာ ဘာမှန်းတောင် သေချာသိခဲ့ တာ မဟုတ်ဘူးလေ။ ဒီလိုနဲ့ သူမ အသက် ၁၇ နှစ်အရွယ် ၂၀၀၃ ခုနှစ်မှာ ဘ၀ကို အလှည့်အပြောင်းဖြစ် စေမယ့် အကြောင်း ဖန်လာခဲ့ပါတယ်။ အဲဒီအကြောင်းတွေက ပြန်တွေးကြည့်တိုင်း သူမအတွက် ရင်ခုန် စရာအဖြစ်တွေအဖြစ် ရှိနေဆဲ။ သူမရဲ့ အနီးကပ်ဆရာတစ်ဦးဖြစ်တဲ့ ဆရာဦးစိန်သောင်းဆိုတာ သူမရဲ့ လက်ဦးဆရာ၊ မြေတောင်မြှောက်ပေးခဲ့သူ။ သူမအတွက် တကယ့်ကျေးဇူးရှင်တစ်ဦးပါပဲ။ ဆရာဦးစိန်သောင်း ဟာ သူမကို သားသမီးတစ်ဦးပမာ သဘောထားပြီး ဘော်လီဘောအားကစားနည်းကို သင်ပေးခဲ့ ပါတယ်။ ကျောင်းက သင်တဲ့ဆရာလည်းမဟုတ်၊ ၀န်ကြီးဌာနကဆရာလည်း မဟုတ်တဲ့ ဆရာဦးစိန်သောင်းဟာ သူမကို ဘော်လီဘော အားကစားနည်းကို စိတ်ဝင်စားအောင် သိမ်းသွင်းနိုင်ခဲ့သူ တစ်ဦးပါ။

သူမအတွက် ဒီကစားနည်းကို စတင် ကစားခါစမှာ အခက်အခဲတွေအများကြီးကြုံ ခဲ့ရပါတယ်။ မိသားစုက ခြောက်
ယောက်တောင် ရှိတာဆိုတော့ အိမ်ကလည်း အခက်အခဲတွေရှိတာကြောင့် ကျောင်းပညာရဲ့ ပြင်ပ ပညာဖြစ်တဲ့ ဒီအားကစားနည်းကို အိမ်ကလည်း သိပ်အားပေးချင်တာ မဟုတ်။ ဒါမေဲ့ ဘယ်လိုပဲဖြစ် ဖြစ် သူမ စိတ်ဝင်စားလာခဲ့တဲ့ ဒီကစားနည်းကို သူမစိတ်ရောကိုယ်ပါ နှစ်မြုပ်လေ့ကျင့် ကြိုးစားခဲ့ပါတယ်။ ညနေ ညနေတိုင်း ဆရာဦးစိန်သောင်း
ခေါ်သင်ပေးတဲ့ ဘော်လီဘောကစားနည်းနဲ့ ပတ်သက်တာတွေကို သေချာလိုက်နာ၊ ကြိုးစားခဲ့ရပါတယ်။

ဘော်လီဘောကစားနည်းဆိုတာ ဘော်လီဘောဘောလုံး၊ ဖိနပ်တွေဝတ်ပြီး ကစားရတယ်ဆိုတာသိလာခဲ့ပေမယ့် သူမအတွက် အခက်အခဲတွေ ရှိနေခဲ့ပါတယ်။ ကလပ်အသင်းတချို့က စွန့်ပစ်လိုက်တဲ့ ဘောလုံးအဟောင်းတွေကို သူမဘာသာ သူမဖာထေးရင်း လေ့ ကျင့်ခဲ့ရသလို ဖိနပ်ဖိုးက အိမ်ကလည်း ထောက်ပံ့ဖို့အခက်အခဲရှိတာမို့ ဆရာဦးစိန်သောင်းကပဲ စိုက် ၀ယ်ပေးလေ့ ရှိပါတယ်။ ၀တ်စုံတွေဆိုရင်လည်း သူများတွေဆီကအကျတွေကို ၀တ်ရတယ်။ ဒါပေမဲ့ သူမအတွက်က စိတ်ဓာတ်ကျစရာလို့ မထင်ဘဲ အကောင်းဆုံးကြိုးစားဖို့ တွန်းအားတွေလို့ပဲ မှတ်ယူထား ခဲ့ပါတယ်။ သူမမှာ ကျောင်းသားဘ၀မှာတုန်းက ပြန်တွေးကြည့်တိုင်း အခုအချိန်ထိ အမှတ်ရစရာလေးတွေ ရှိခဲ့ဖူးပါတယ်။ သူမ ဆယ်တန်းစာမေးပွဲ ဖြေနေတုန်းမှာ သူမကစားနေတဲ့ပြိုင်ပွဲကလည်း ရှိနေတယ်။ သူမအတွက် စာမေးပွဲပဲသွားဖြေရမလား။ ပွဲပဲသွားကစားရမလားဆိုတာ ဝေခွဲရခက်နေစေခဲ့ပါတယ်။ အိမ်ကလည်း ပွဲကိုသွားကစားခွင့်မပေးဘဲ စာမေးပွဲဖြေဖို့ပဲ တွန်းအားပေးနေခဲ့တာပေါ့။ နောက် ဆုံးတော့ သူမစိတ်ကို ခိုင်မြဲစွာ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ စာမေးပွဲဖြေဖို့ သွားတဲ့လွယ်အိတ်ထဲမှာ အားကစားဝတ်စုံကိုထည့်ပြီး စာမေးပွဲခန်းထဲ အရောက်သွားခဲ့ပါတယ်။ စာမေးပွဲကို ဖြေတယ်ဆိုရုံ လောက်ဖြေပြီး ကစားပွဲဆီကို အမြန်သွားကာ မဖြစ်ဖြစ်အောင် ကစားခဲ့တာပေါ့။ သူမကို အဲဒီအချိန် တုန်းက ဘော်လီဘောကစားနည်းက ဆွဲဆောင်ထားပြီလေ။

အဲဒီလို ကြိုးစားရင်းကနေ ကျောင်းပွဲတွေ၊ အပြင်ပွဲတွေမှာ လိုက်ကစားရင်း သူမလက်စွမ်းတက်လာသလို ခံစားလာရပါတယ်။ ဆရာဦးစိန်သောင်းက သူမကို ၀န်ကြီးဌာန အသင်းတွေဆီ ပို့ပေးခဲ့ရာကနေ နောက်ပိုင်းမှာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှာ ကစားခွင့်ရခဲ့ပြီး လက်ရွေးစင် ကစားသမားဘ၀ဆီ သူမ တက်လှမ်းလာခဲ့တာပါ။ကစားသမား ဘ၀တစ်လျှောက်မှာ ကြီးမားတဲ့ အောင်မြင်မှုတွေ သူမမှာ မရှိသေးပေမယ့် ငယ်စဉ်ဘ၀ ကစားခဲ့စဉ်တုန်းကဆိုရင် အကောင်းဆုံးဆုတွေအများကြီး ရခဲ့ဖူးသလို သူမမှာ အခုဆိုရင် ပြိုင်ပွဲကြီးတွေကို ကြံ့ကြံ့ခံနိုင်လောက်တဲ့ ဖိအားဒဏ်တွေ၊ အတွေ့အကြုံတွေ လုံလုံ လောက်လောက် ရှိနေပြီလေ။ သူမအတွက် လက်ရွေးစင် ကစားသမားတစ်ယောက်အဖြစ် ရပ်တည် နေနိုင်တယ်ဆိုတာကို ကျေနပ်တယ်ဆိုပေမယ့် အသင်းအတွက် နိုင်ပွဲတွေ၊ အောင်မြင်မှုတွေသာ ရယူ နိုင်ရင် ပိုပျော်ရပါတယ်။

ကစားသမားတစ်ယောက်ဘ၀ကို ရွေးချယ်လိုက်ပြီဆိုတာနဲ့ ဆောင်ရမယ့် အချက်တွေ၊ ရှောင်ရမယ့် အချက်တွေရှိလာပြီလို့ သူမကယူဆတယ်။ မကောင်းတဲ့ အမူအကျင့်တွေကို ရှောင်ပြီး အားစိုက်ကြိုးစားမယ်ဆိုရင်တော့ အောင်မြင်မှုဆိုတာ ရရှိမယ်လို့ သူမကယုံကြည်တယ်။ အဓိက အချက်က ရည်မှန်းချက်ဖြစ်တယ်လို့ သူမက ယုံကြည်ထားပြီး အဲဒီရည်မှန်းချက်ကိုသာ နောက် ဆုံးအချိန်ထိ အားသွန်ခွန်စိုက်ကြိုးပမ်းသွားမယ်ဆိုရင် ဘယ်ကစားနည်းဖြစ်ဖြစ် အောင်မြင်မှုက ကြိုနေ မှာပဲလို့ သူမခံယူထားတယ်။

သူမတို့အတွက် ခက်ခဲတဲ့ အတားအဆီးတစ်ခုကတော့ ရှေ့မှာ ဆီးကြိုလို့နေပြီ။ ပြိုင်ဖက်တွေက ကိုယ့် ထက်သာတဲ့ အနေအထားမှာရှိနေတော့ သူမအနေနဲ့ အနည်းငယ်တော့ စိုးထိတ်နေမိတာပေါ့။ သူမတို့နဲ့ ပြိုင်ဖက်နိုင်ငံတွေက အရမ်းကွာခြားတယ်လို့ မဆိုနိုင်ရင်တော်တော်တော်လေးတော့ ကွာခြားတယ်ဆို တာ သူမသိနေတယ်။ အရင်တုန်းက ဆိုရင် မြန်မာ့ဘော်လီဘောက အရှေ့တောင်အာရှမှာ အဆင့်တစ်ခု ထိရှိတယ်ဆိုတာ အားလုံးသိခဲ့ပေမယ့် အခုအချိန် မှာတော့ သူများနိုင်ငံတွေထက် နောက်ကျကျန်နေခဲ့ တာကို သူမ အားမလိုအားမရ ဖြစ်မိတယ်။ သူမတို့ ရင်ဆိုင်နေရတာက ပြိုင်ပွဲတွေအတွက် လေ့ကျင့်မှု လုပ်မယ်ဆိုရင် ကွင်းမရှိတာနဲ့၊ ဘောလုံးမရှိတာနဲ့ အခက်အခဲ တချို့ပါပဲ။ လာမယ့် ဆီးဂိမ်းပြိုင်ပွဲအတွက် အားကစားဝန်ကြီးဌာနရဲ့ ထောက်ပံ့မှုကလည်း အားရစရာရှိပြီး ဘော်လီဘော အဖွဲ့ချုပ် အနေနဲ့လည်း အကောင်းဆုံးလုပ်ဆောင်ပေးနေတယ်လို့ သူမက ဆိုတယ်။

ဘော်လီဘောအားကစားနည်းဆိုတာ တကယ်တော့ နာမည်ကြီးတဲ့ အားကစားနည်းတစ်ခု မဟုတ်ပါဘူး။ မြန်မာပြည်မှာဆိုရင် အမျိုးသမီး ဘော်လီဘောအသင်းကို အားပေးတဲ့သူ နည်းနည်းပဲရှိတယ်။ ဒါပေမဲ့ သူမတို့ တကယ် ယှဉ်ပြိုင်ရပြီဆိုတဲ့အခါမှာ အိမ်ရှင်ပရိသတ်တွေရဲ့အားပေးမှုတွေကို မျှော်လင့်မိ တာတော့ အမှန်ပဲပေါ့။ သူမ ရင်ထဲမှာ ပရိသတ်တွေလိုချင်တဲ့ ရွှေတံဆိပ်ကို အရယူချင်တဲ့စိတ်တွေ ကြီးစိုးနေလေရဲ့။


Mizzima - News in Burmese

No comments:

Post a Comment