Tuesday, August 27, 2013

ပျူနယ်မြေများ ပြင်ဆင်ထိန်းသိမ်းမှု အောက်တိုဘာလတွင် ပြီးမည် ပြည်၊ သြဂုတ် ၂၆ The Voice Weekly


ယူနက်စကို၏ အသိအမှတ်ပြု ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ရန် ကြိုးပမ်းနေသော ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ ပျုမြို့ဟောင်း နယ်မြေများကို ယခုနှစ် အောက်တိုဘာလ ဒုတိယပတ်တွင် အပြီးသတ် ပြင်ဆင်ထိန်းသိမ်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရှေးဟောင်းသုတေ သန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောကြားသည်။

ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ ပျုမြို့ဟောင်းသုံးခု ကို အောက်တိုဘာလ နောက်ဆုံးပတ်တွင် ယူနက်စကိုက တရားဝင် လာရောက် စစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇွန်လတွင် ကျင်းပမည့် (၃၈) ကြိမ်မြောက် ကမ္ဘာ့ယဉ်ကျေးမှု ကော်မတီ ညီလာခံတွင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်၊ မဝင် အဖြေထွက်ရှိမည် ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားသည်။

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် အစိုးရက ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် ဘတ်ဂျက်ပိုမို ချထားပေးမှုများ၊ ယူနက်စကို၏ ငွေကြေး ထောက်ပံ့မှုများကြောင့် ဌာနရှိဝန်ထမ်းများကို ထိန်းသိမ်းရေး နည်းပညာသင်တန်းများ ပေးခဲ့ပြီး ဝန်ထမ်း အင်အားကိုလည်း ဖြည့်တင်းခဲ့ကြောင်း ၎င်းကဆိုသည်။

“ပြတိုက်တွေနားမှာ ရဲကင်းတွေ လုပ်ထားတယ်။ ပြတိုက်လုံခြုံရေးလည်း ရှိတယ်။ ဒီဒေသတွေက ငြိမ်းချမ်းပါတယ်။ စကားပြန်အတွက်လည်း လိုအပ်ရင် ရှေးဟောင်း သုတေသန နည်းပညာကျောင်းက ကထိက၊ လက်ထောက် ကထိကတွေ လိုက်ရှင်းပြပေးမှာပါ။ လက်ကမ်းစာစောင်တွေ ကိုလည်း အင်္ဂလိပ်လို ရေးထားတယ်” ဟု ၎င်းက ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များအတွက် စီစဉ်ထားမှုကို ပြောဆိုသည်။

သရေခေတ္တရာ ပျူမြို့ဟောင်းတွင် ဒေသခံများ၏ စိတ်ဝင်စားမှု ပိုမိုရရှိစေရန် သရေခေတ္တရာ အမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းမည်ဖြစ်ပြီး ကျောင်းသား လူငယ်များနှင့် စိတ်ဝင်စားသူများကို သရေခေတ္တရာ ပျူမြို့ဟောင်းသို့ လေ့လာရေးခရီးအဖြစ် ပို့ဆောင်ပေးရန် ကြိုးစားစီစဉ်လျက် ရှိကြောင်း ဦးကျော်သူစိုး (ရွှေဘုန်းပွင့် စာကြည့်တိုက် တွဲဖက်အတွင်းရေးမှူး) က ပြောဆိုသည်။

ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ ပျူမြို့ဟောင်းတို့တွင် ဟန်လင်းနှင့် ဗိဿနိုးမြို့သည် အေဒီ ၁ ရာစုခန့်က အစောဆုံး ပေါ်ထွန်းခဲ့သော်လည်း အေဒီ ၅ ရာစုခန့်က ပေါ်ပေါက်ခဲ့သည့် သရေခေတ္တ မြို့ဟောင်းမှာ အဖွံ့ဖြိုးဆုံးဖြစ်ကာ ထေရဝါဒ၊ မဟာယာန ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာတို့ ပေါ်ထွန်းခဲ့သည်ဟု ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

No comments:

Post a Comment