Monday, August 26, 2013

ကျည်ဆံတွေနဲ့  မိတာတောင် ထောင်ဒဏ် တစ်ရက်တဲ့ News Time'


ရန်ကုန်လေဆိပ်မှာ ထိုင်းအမျိုးသမီးတစ်ဦးကို ကျည်ဆံတွေနဲ့မိလို့ မင်္ဂလာဒုံရဲစခန်းမှာ အမှုဖွင့်တရားစွဲဆိုခဲ့တဲ့ သတင်းနောက်ဆက်တွဲ အဖြစ်အပျက်လေးကို အံ့သြစွာနဲ့  အများပြည်သူ သိရှိရအောင် အသိပေးပြောပြလိုပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ MAI ပိုင်လေယာဉ်ပေါ်သို့ တက်ရောက်စီးနင်းတော့မယ့် ထိုင်းနိုင်ငံသူ အမျိုးသမီးတစ်ဦးထံကနေ သေနတ်ကျည်ဆံများ သိမ်းဆည်းရမိမှုတစ်ခု သြဂုတ် ၁၃ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီ ထိုင်းအမျိုးသမီးဟာ လေယာဉ်ပေါ်သို့ တက်ရန်ပြင်ဆင်နေစဉ် လေဆိပ်ဝန်ထမ်းများက လုပ်ထုံးအတိုင်း X-ray စက်ဖြင့် ပြည်ပထွက်ခွာမည့်သူများ၏ ခရီးဆောင်အိတ်များကို စစ်ဆေးရာမှ ယခုလို တွေ့ ရှိခဲ့ခြင်း ဖြစ်ပါတယ်။

ရဲမှတ်တမ်းတွင် အံ့သြဖွယ်ဖော်ပြထားသည်မှာ ထိုင်းအမျိုးသမီး မစ္စဂိုမက်စ်ဆူရာဖနာပါ၏ အိတ်အတွင်းတွင်တွေ့ရှိရသည့် ကျည်များမှာ ကျည်အမျိုးအစား ရှစ်မျိုးဖြစ်ပြီး ကျည်ခုနစ်မျိုးအတွက် တစ်တောင့်စီနှင့် ကျန်ကျည် တစ်မျိုးအတွက်သာ နှစ်တောင့်ပါဝင်သည်ကို တွေ့ရခြင်းဖြစ်ပါတယ်လို့  ဆိုပါတယ်။

အဲ့ဒီ ထိုင်းအမျိုးသမီးကို တရားမ၀င် လက်နက်လက်ဝယ်တွေ့ရှိသူအဖြစ် စွပ်စွဲကာ ရဲအုပ်ထွန်းထွန်းဦးက တရားလိုပြုလုပ် အမှုဖွင့်တိုင်တန်းထားပြီး မင်္ဂလာဒုံရဲစခန်းကလည်း အမှုအမှတ် (ပ) ၅၀၅/၂၀၁၃ ဖြင့် အမှုဖွင့်ထား ကာလက်နက်အက်ဥပဒေပုဒ်မ ၁၉ (စ) ဖြင့် တရားစွဲဆိုမယ်လို့  တိုင်းရဲဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် တရားရုံးကိုသွားရင်း အဲဒီအမှု အမိန့်ချမယ်ဆိုတာတွေ့တော့ စိတ်ဝင်စားလို့ ရပ်ကြည့်မိတယ်။
ဦးစီးတရားသူကြီးလည်း ချက်ချင်းပဲ အမိန့် ကို ရုံးခန်းထဲမှာ ရိုက်ပီး ဖတ်ပြတဲ့အခါမှာ နှစ်နိုင်ငံချစ်ကြည်ရေးကို မထိခိုက်စေရန်သော်လည်းကောင်း ဆိုတာလဲပါတယ်။

နောက်ဆုံး ထောင်ဒဏ်တစ်ရက်နဲ့ ဒဏ်ငွေတစ်သိန်းလို့ ချလိုက်တယ်။ အပြင်မှာ ရပ်ကြည့်နေတဲ့ရှေ့နေတွေလည်း လှုပ်လှုပ်ရွရွ ဖြစ်ကုန်တယ်။ ရှေ့နေကြီးတစ်ဦးကဆို ငါတို့နိုင်ငံသားသာဆို ချထည့်လိုက်မဲ့ဖြစ်ခြင်းကွာ၊ အဲဒီထိုင်းမလည်း သူတို့နိုင်ငံမှာဆို ပြည်သူအဆင့်ပါပဲ၊ ချစ်ကြည်ရေးထိခိုက်ရအောင် အကောင်မှ မဟုတ်တာ စသဖြင့် ဝေဖန်ကြတယ်။

တရားသူကြီးနဲ့ စာရေးကလည်း ဒဏ်ငွေဆောင်ဖို့ကို ပျာပျာသလဲလိုက်လုပ်ပေးနေတယ်။ ရဲမှုးကအစ ချိုချိုသာသာ ပျူပျူငှာငှာပါပဲ။ ထောင်ဒဏ်တစ်ရက်ဆိုတာက အမှုကို အမိန့်ချတဲ့နေ့ ရုံးမင်းတစ်ထိုင် (မနက် ၉ နာရီကနေ ညနေ ၄နာရီ) ဆို ထောင်ဒဏ်တစ်ရက် ဖြစ်ပါတယ်။

ထောင်ဒဏ်ကာလမှာ တရားခံအတွက် နုံချာလှတဲ့တရားရုံးဝင်းထဲမှာ ဒုက္ခရောက်မှာစိုးလို့တရားသူကြီးက တခြားအမှုတွေ ဆက်မစစ်ပဲ လေးနာရီထိုးတဲ့အထိ ဟိုလုပ်ဒီလုပ်နဲ့ လုပ်နေတော့ တခြားမြန်မာပြည်သားတွေရဲ့ ရှေ့နေတွေခင်ဗျာ ရုံးချိန်းလေးရဖို့ တနေကုန် မတ်တပ်ရပ်နေရပါတော့တယ်။

ရှေ့နေအများစုရဲ့ သုံးသပ်ချက်အရတော့ ရဲကအစ တရားသူကြီးအဆုံး တဖွဲ့လုံး ခွင်ကြီးကြီး မိထားပုံပဲလို့ ပြောဆိုနေကြပါတယ်။ ညနေလေးနာရီထိုးတော့ တရားခံမ (ထိုင်းအမျိုသမီး) က ပြုံးပြုံးကြီး မိသားစု စကားပြန်တွေနဲ့အတူ သံရုံးကားကြီးကို စီးပြီး ပြည်တော်ကို ပြန်သွားပါတော့တယ်။ မပြန်ခင်မှာ ရဲမှုးက (ထိုင်းအမျိုးသမီးအတွက်) တရားရုံး ဦစီးတရားသူကြီးကို သိမ်းထားတဲ့ ပတ်စပို့နဲ့ ပစ္စည်းတွေ မြန်မြန်ပြန်ရအောင် ကူညီလိုက်ပါဦးတဲ့။

နှစ်နိုင်ငံ ချစ်ကြည်ရေးမထိခိုက်ရလေအောင် ဆောင်ရွက်လိုက်တဲ့ သိန်းစိန်နဲ့  ဒေါ်ရင်လတ်တို့  မျက်နှာကြောင့် ထင်ပါရဲ့ ဗျာ။ ဒီလိုဆိုရင် ထိုင်းနိုင်ငံမှာ ခေတ်အဆက်ဆက် မြန်မာလူမျိုးတွေ သတ်ခံရတာတွေ ဖိနှိပ်ညဉ်းပမ်းခံရတာတွေ ဖမ်းဆီးချူပ်နှောင်ခံရတာတွေ မြန်မာအမျိုးသမီးတွေ အဓမ္မကျင့်ခံရတာတွေ ပြန်ဖေါ်ထုတ်ကြပါဦးလို့ ။

မြန်မာနိုင်ငံရဲ့  တရားဥပဒေများ ပြောကို မပြောချင်ပါဖူး။
လင်းဆက်။

Nik Nayman

https://www.facebook.com/photo.php?fbid=10201806603994867&set=a.3390189321583.2157207.1475121874&type=1

No comments:

Post a Comment