Tuesday, August 27, 2013

မြစ်မခမီဒီယာ ၀က်ဘ်ဆိုက်မှတစ်ဆင့် သတင်းစာ သုံးစောင်တွင် ဖော်ပြခဲ့သော မြိတ်မြို့နယ်၌ အကြမ်းဖက်သမားဟု သံသယဖြစ်ဖွယ် အမျိုးသားသုံးဦး ဖမ်းမိပြီ ဆိုခြင်းမှာ မမှန်ကန်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ငြင်းဆို Created on Tuesday, 27 August 2013 01:09


မြစ်မခမီဒီယာ ၀က်ဘ်ဆိုက်တွင် မြိတ်မြို့နယ် အကြမ်းဖက် သမားဟု သံသယဖြစ်ဖွယ် အမျိုးသား သုံးဦးကို ဖမ်းမိပြီဟု ဖော်ပြထားသည့် သတင်းမှာ မမှန်ကန်ကြောင်း သြဂုတ် ၂၆ ရက်က မြန်မာနိုင်ငံ ရဲဌာနချုပ် လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်နှင့် တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက The Daily Eleven သို့ ပြောပြသည်။

အဆိုပါ မြစ်မခ မီဒီယာ ၀က်ဘ်ဆိုက်တွင် မြိတ်မြို့၌ အကြမ်းဖက်သမားဟု သံသယဖြစ်ဖွယ် အမျိုးသားသုံးဦးကို ဖမ်းဆီးထားသည်ဟု သတင်းကို သြဂုတ် ၂၅ ရက်တွင် ဖော်ပြခဲ့ပြီးနောက် သြဂုတ် ၂၆ ရက်တွင် ထုတ်သည့် ပြည်တွင်းပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများဖြစ်သော စံတော်ချိန် နေ့စဉ်သတင်းစာ၊ ရွှေနိုင်ငံသစ် နေ့စဉ်သတင်းစာနှင့် ပြည်မြန်မာ နေ့စဉ်သတင်းစာတို့တွင် ရေးသား ဖော်ပြခဲ့ကြောင်း တွေ့ရှိရသည်။

မြစ်မခမီဒီယာ ၀က်ဘ်ဆိုက်တွင် မြန်မာနိုင်ငံ တနင်္သာရီတိုင်း ဒေသကြီး နယ်စပ်ဝင်ပေါက်များ၊ ရေလမ်းကြောင်းများမှ တစ်ဆင့် အကြမ်းဖက်သမားများ ၀င်ရောက်လာမည့် သတင်းကို ကြိုတင်ရရှိခဲ့ပြီးနောက် အကြမ်းဖက် သမားဟု သံသယ ဖြစ်ဖွယ်ရှိသော လူသုံးဦးအား သြဂုတ် ၂၂ ရက်က မြိတ်ကျွန်းစုအနီး တံငါရွာတွင် ဖမ်းဆီးမိခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများအား အကြောင်းပြု၍ ပြည်ပနိုင်ငံများရှိ အကြမ်းဖက် အဖွဲ့အစည်းများမှ နိုင်ငံတွင်း အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်ရန် အကြမ်းဖက်သမားများ စေလွှတ်ထားသည့် သတင်းများ ရရှိထားပြီး လုံခြုံရေး အထူးမြှင့်တင် ဆောင်ရွက်ထားချိန်တွင် အဆိုပါ အကြမ်းဖက် သမားဟု သံသယဖြစ်ဖွယ် သုံးဦးအား ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ''သုံးယောက် ဖမ်းမိထားတယ် လို့တော့ ကြားတယ်။ ဘယ်ရွာမှာ မိလဲတော့ အတိအကျ မသိဘူးဗျ။ ကျွန်တော်တို့ တနင်္သာရီတိုင်းက ထိုင်းနိုင်ငံနဲ့ နယ်မြေဆက်စပ်နေတော့ ကုန်းကြောင်းရော၊ ရေကြောင်းကပါ ၀င်လာနိုင်တယ်။ လုံခြုံရေးကိုတော့ အရင်ကထက် တိုးပြီးချထားတာ တွေ့ရတယ်။ ပြည်သူတွေ အနေနဲ့လည်း ကိုယ့်ပတ်ဝန်းကျင်မှာ သတင်းရရချင်း သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းတွေကို ချက်ချင်း သတင်းပို့ သင့်ပါတယ်'' ဟု ကျွန်းစုမြို့နယ်မှ ဒေသခံ ရေလုပ်သား တစ်ဦးက ပြောသည်။

အဆိုပါ သုံးဦးအနက် နှစ်ဦးမှာ မြန်မာနိုင်ငံဖွား ထိုင်းနိုင်ငံသားများဖြစ်ပြီး ကျန်တစ်ဦးမှာ အင်ဒိုနီးရှားနိုင်ငံဖွား ထိုင်းနိုင်ငံသား ဖြစ်ကြောင်း သိရသည်။ အဆိုပါ သုံးဦးစလုံးမှာ မြန်မာလူမျိုးများကဲ့သို့ မြန်မာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သူများ ဖြစ်သည်ဟု ဆက်လက် ဖော်ပြထားသည်။

အထက်ပါကဲ့သို့ ဖော်ပြထားသည့် သတင်းတွင် သက်ဆိုင်ရာ သတင်းရင်းမြစ် လုံးဝမပါရှိဘဲ ကျွန်းစုမြို့နယ်မှ ဒေသခံ ရေလုပ်သား တစ်ဦးက ပြောသည်ဟုသာ ရေးသားဖော်ပြ ထားခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

အမှန်တကယ်သာ ဖမ်းမိခဲ့တယ် ဆိုရင်တော့ ကျွန်တော့်ဆီကို တရားဝင် သတင်းရောက်ရှိလာမှာ ဖြစ်တယ်။ အခု အကြမ်းဖက်သမား သုံးယောက်ကို ဖမ်းမိတယ် ဆိုပြီးတော့ ၀က်ဘ်ဆိုက်တွေမှာရော၊ နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ အချို့တွေမှာလည်း သတင်းအတိအကျကြီး ရေးထားတာ တွေ့ရတော့ ကျွန်တော် တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ် မေးမြန်းတဲ့ အခါမှာတော့ ဒီသတင်းက သတင်းအမှားကြီး ဖြစ်ပါတယ်...



ထိုသို့ ဖော်ပြထားကြသော သတင်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲဌာနချုပ်၊ လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က ''အမှန်တကယ်သာ ဖမ်းမိခဲ့တယ် ဆိုရင်တော့ ကျွန်တော့်ဆီကို တရားဝင် သတင်းရောက်ရှိလာမှာ ဖြစ်တယ်။ အခု အကြမ်းဖက်သမား သုံးယောက်ကို ဖမ်းမိတယ် ဆိုပြီးတော့ ၀က်ဘ်ဆိုက်တွေမှာရော၊ နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ အချို့တွေမှာလည်း သတင်းအတိအကျကြီး ရေးထားတာ တွေ့ရတော့ ကျွန်တော် တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ် မေးမြန်းတဲ့ အခါမှာတော့ ဒီသတင်းက သတင်းအမှားကြီး ဖြစ်ပါတယ်'' ဟု သြဂုတ် ၂၆ ရက် မွန်းလွဲပိုင်းတွင် သုံးသပ်ပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါ သတင်းဖော်ပြမှုနှင့် ပတ်သက်၍ တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး ကြည်လင်းက ''ဒီသတင်း ဖော်ပြမှုက လုံးဝ မှားယွင်းပါတယ်။ ကောလာဟလ သတင်းပါပဲ။ အကြမ်းဖက်သမား သုံးယောက် မြိတ်မြို့ထဲကို ရောက်ရှိနေတယ် ဆိုတာလည်း မှန်ကန်မှု မရှိသေးဘူး။ ဒါပေမဲ့ တနင်္သာရီတိုင်း ဒေသကြီး အတွင်းထဲမှာတော့ လုံခြုံရေးကို အရင်ကထက် ပိုမိုချထားပြီးတော့ ရဲလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်'' ဟု သြဂုတ် ၂၆ ရက် ညနေပိုင်းက The Daily Eleven သို့ ပြောကြားသည်။

''ဖောက်ခွဲရေးသမား သုံးဦးမိတယ်ဆိုတာ မဟုတ်ပါဘူး။ ဒီသတင်းက ဘယ်ကလာတာလဲ မသိပါဘူး။ ဖမ်းမိပြီဆိုတာနဲ့ ကျွန်တော်တို့ သတင်းထုတ်ပြန် ပေးပါ့မယ်။ မသေချာတာရှိရင် ကျွန်တော်တို့ကို အချိန်မရွေး မေးမြန်းနိုင်ပါတယ်'' ဟု မြိတ်မြို့မှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

သြဂုတ်လလယ်ပိုင်းတွင် ဖောက်ခွဲရေးသမား သုံးဦးမှာ ကော့သောင်း-ဘုတ်ပြင်း ဘက်မှ ရေလမ်းခရီးကို အသုံးပြုပြီး ၀င်ရောက်လာ နိုင်သည်ဆိုသည့် သတင်းများကြောင့် မြိတ်မြို့နှင့် ပတ်ဝန်းကျင်ကျွန်းများ၊ ကျေးရွာများတွင် လူဝင်လူထွက် သေချာစွာ စစ်ဆေးခဲ့ပြီး ဧည့်သည် အ၀င်အထွက်များအတွက် ဧည့်စာရင်း စစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

''ဖောက်ခွဲရေးသမား သုံးဦးမိတယ်ဆိုတာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းက ပင်လယ်ထဲမှာ လှေတစ်စင်းကို တခြားအမှုနဲ့ ဖမ်းတာရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ခေါ်ယူစစ်ဆေးနေတဲ့ လူတွေရှိပါတယ်။ ဒီသတင်းက ဖောက်ခွဲရေးသမား သတင်းနဲ့ မဆိုင်ပါဘူး။ တခြားအမှုပါ။ ဖောက်ခွဲရေး သမားတွေကို မမိသေးပါဘူး'' ဟု မြိတ်ခရိုင် ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

''ကျွန်တော်တို့ ကျွန်းစုမြို့နယ်အတွင်း မှာရှိတဲ့ ပါတီဝင်တွေကို ဆက်သွယ် မေးမြန်းထားပြီးပါပြီ။ ကျွန်းတွေပေါ်မှာရှိတဲ့ ရွာတွေကို လက်လှမ်းမီသမျှ အကုန်မေးထား ပြီးပါပြီ။ ဒီသတင်း မှားနေပါတယ်။ ဒေသခံတွေတောင် ဘာမှမကြားရပါဘူး။ ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်တင်တင်ရီလည်း ဒီသတင်းကို သေသေချာချာ စုံစမ်းခိုင်းထားပါတယ်။ ဖောက်ခွဲရေး သမားတွေ မိတယ်ဆိုတာ မဟုတ်ပါဘူး'' ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးက ပြောကြားသည်။

မြိတ်မြို့မ ရဲစခန်းမှလည်း အဆိုပါ သတင်းမှာ မဟုတ်မမှန်ကြောင်း၊ ဖောက်ခွဲရေး သမားများ ဖမ်းမိထားခြင်း မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ထို့ပြင်သတင်းနှင့် ထောက်လှမ်းရေး တပ်ဖွဲ့များထံ စုံစမ်းမေးမြန်းသော်လည်း ဖောက်ခွဲရေး သမားများကို ဖမ်းမိသည်မှာ မဟုတ်ကြောင်း၊ သတင်းမှားယွင်း နေကြောင်း အတည်ပြု ပြောကြားခဲ့ သည်။ မြိတ်မြို့နယ် အကြမ်းဖက်သမားဟု သံသယဖြစ်ဖွယ် အမျိုးသားသုံးဦးကို ဖမ်းမိပြီဟု သတင်းဖော်ပြခဲ့သည့် မြစ်မခ အွန်လိုင်း မီဒီယာသည် သတင်းအေဂျင်စီ တစ်ခုအဖြစ် သတင်းများ ပြန်လည် ရောင်းချကြောင်း သိရသည်။

မြစ်မခမီဒီယာ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည့် သတင်းအား တွေ့ရစဉ်

Eleven Media Group

No comments:

Post a Comment