Tuesday, August 27, 2013

အလယ်တန်းပြဆရာမ အလုပ်ထုတ်မှု တက္ကသိုလ်ဆရာ၊ ဆရာမများ ကန့်ကွက် Tuesday, August 27, 2013

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အ.ထ.က (၅) ကျောင်းက အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်ကို ပညာရေးဝန်ကြီးဌာနက အလုပ်ထုတ်ခဲ့တာကို တက္ကသိုလ်ဆရာ၊ဆရာမများအသင်းက ဒီကနေ့ ကန့်ကွက် လိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ရန်ကုန်တက္ကသိုလ် တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း အတွင်းရေးမှူး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက RFA ကို အခုလိုပြောပါတယ်။

“အဓိကအချက်က အလုပ်ထုတ်ရလောက်အောင်အထိ ပြင်းထန်တဲ့အပြစ် မဟုတ်ပါဘူးလို့ ကျနော်တို့မြင်တယ်လေ၊ နောက်တစ်ခုက သူ့ရဲ့လုပ်သက်အရ နှစ်ပေါင်းမနည်းဘူး၊ ဝန်ထမ်းလောကမှာ အကြောင်းကြောင်းကြောင့် တစ်ခါတစ်ခါ ကိုယ်တိုင်မသွားနိုင်လို့ ရုံးကိုဖုန်းနဲ့တိုင်တာတို့ဘာတို့က နေရာတိုင်းမှာရှိကြပါတယ်၊ ဒီပညာရေးလောကမှ မဟုတ်ပါဘူး၊ ဒီဟာအပေါ်မှာ ဆရာမကိုထုတ်လိုက်တော့ အကြောင်းအရာနဲ့ ပေးတဲ့ပြစ်ဒဏ်ဟာ မျှတမှုမရှိဘူးလို့ ကျနော်တို့ခံယူပါတယ်”

ဆရာမ ဒေါ်စိုးစိုးခိုင်ဟာ ခွင့်မဲ့ပျက်ကွက်ချိန်မှာ ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ရှစ်လေးလုံး ငွေရတုအခမ်းအနား သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တယ်လို့လည်းသိရပါတယ်

ခွင့်မဲ့ ၅ ရက်ပျက်ကွက်မှု၊ ခွင့်ပြုချက်မရှိပဲ နယ်ဝေးခရီးသွားလာမှုတွေဟာ ရာထူးကနေ ထုတ်ပယ်လောက်တဲ့ ပြစ်မှုတွေမဟုတ်ပဲ ပညာရေးဝန်ကြီးဌာနအနေနဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို မျက်ကွယ်ပြုပြီး လုပ်ပိုင်ခွင့်အာဏာကို လွန်ကဲစွာ အသုံးပြုဆောင်ရွက်ခဲ့တယ်ဆိုတဲ့ သုံးသပ်ချက်လည်း ပါဝင်ပါတယ်။

ဒီထုတ်ပြန်ချက်မှာ ပညာရေးဝန်ကြီးဌာနအနေနဲ့ ဆရာမ ဒေါ်စိုးစိုးခိုင်ကို ထုတ်ပယ်ခဲ့တာကို ဥပဒေစည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ ပြန်လည်စီစစ်သုံးသပ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့မတိုင်ခင် အများပြည်သူကို ပြန်လည်ရှင်းလင်းတင်ပြပေးဖို့လည်း တောင်းဆိုထားပါတယ်။

RFA Burmese

No comments:

Post a Comment