Tuesday, August 27, 2013

ပေါင်းတည် လွှတ်တော်အမတ်ကို ဒေသခံတို့ ဆန္ဒပြရန် ပြင်ဆင်

ပဲခူးတိုင်း ပေါင်းတည် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပါမောက္ခ ဒေါက်တာမြဦးသည် ဒေသခံများအပေါ် မဟုတ်မမှန် ပြောဆိုသည်ဟု စွပ်စွဲရာ ပေါင်းတည်မြို့ ဒေသခံ ၂၀၀ ကျော်တို့က ကန့်ကွက် ဆန္ဒပြရန် ပြင်ဆင်လျက် ရှိနေသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြဦးကို သြဂုတ်၂၈ ရက်တွင် ကန့်ကွက်ဆန္ဒပြမှု ပြုလုပ်မည်ဖြစ်ပြီး ဆန္ဒပြရသည့် အဓိက အကြောင်းအရင်းမှာ မြို့တွင်းရှိ ကိုယ်ထူကိုယ်ထဆေးခန်းကို ပါတီများ၏ ထောက်ပံ့မှုများ၊
နိုင်ငံခြားထောက်ပံ့ငွေများဖြင့် ရပ်တည်ကာ ငွေများ အလွဲသုံးစားလုပ်သည်ဆိုသော စွပ်စွဲပြောဆိုမှုများကြောင့်ဟု
ပေါင်းတည် ပြည်သူ့အကျိုးဆောင်ကွန်ရက်ဝင် ကိုခင်မောင်လှိုင်က ဆိုသည်။

ဒေသခံများ၏ စွပ်စွဲချက်များနှင့် ပတ်သက်၍ ဒေါက်တာမြဦးထံ မဇ္ဈိမက ဆက်သွယ် မေးမြန်းခဲ့သော်လည်း တိုက်ရိုက်
မေးမြန်းခွင့် မရခဲ့ပါ။ သို့သော် ဒေါက်တာမြဦး၏ ညွှန်ကြားချက်ဖြင့် ပေါင်းတည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးရုံးမှ ၀န်ထမ်းတစ်ဦးဖြစ်သူ မငယ်ငယ်အောင်က ဖြေကြားရာ သြ ဂုတ်လ ၂၀ ရက်တွင် ပြုလုပ်သည့်
ပေါင်းတည်မြို့ ကြံ့ခိုင်ရေးရုံးတွင် ပြုလုပ်သည့် ပါတီအစည်းအဝေးတွင် ပေါင်းတည် ကိုယ်ထူကိုယ်ထ ဆေးခန်းသည် ပါတီတစ်ခု၏ ငွေကြေးထောက်ပံ့မှုများ ရယူထားပြီး ဆေးခန်းသည် အဆိုပါ နိုင်ငံရေးပါတီ၏ လက်အောက်တွင် လှုပ်ရှားနေသည်ဟု ပြောဆိုခဲ့သည်ဟု ဆိုသည်။

ဒေါက်တာမြဦး၏ အဆိုပါပြောဆိုချက်နှင့် ပတ်သက်၍ “ဒီဆေးခန်းက မြို့ကသူတွေ အားလုံးပေါင်းပြီး ကိုယ်ထူကိုယ်ထ လုပ်ထားတာပါ။ ကျွန်တော်တို့ဒေသမှာ ဘာမှလည်း သူက(ဒေါက်တာမြဦး) မလုပ်ပေး ဘဲနဲ့ ပါတီရိပ်တွေ လွှမ်းမိုးနေ တယ်လို့ ပြောတယ်။ လက်ရှိ မြို့ထဲမှာ ပရဟိတ လုပ်နေတဲ့သူတွေကို မြို့ နယ်ရုံး အစည်းအဝေးမှာ ပြောတာ၊ အဲဒီတော့ ဒေသခံတွေကရော အကုန်လုံး မကျေနပ်ကြဘူး” ဟု မဇ္ဈိမ ကို ပြောသည်။

ဆန္ဒဖော်ထုတ်ခွင့်အတွက် သက်ဆိုင်ရာသို့ ခွင့်ပြုမိန့်တင်ထားပြီး ခွင့်ပြုမိန့်ကျရန် စောင့်ဆိုင်းနေသည်ဟုလည်း
ဒေသခံ များက ဆိုသည်။

“ကျွန်တော်တို့ ဒေသခံတွေကို သူက လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ဘာမှလည်းလုပ်ပေးတာ မရှိဘူး။ ပြီးတော့ အမြဲတမ်း ဒေသခံတွေ မကျေနပ်စရာတွေပဲ လိုက်ပြောနေတယ်” ကန့်ကွက်ဆန္ဒပြရန် ပြင်ဆင် လျက်ရှိသည့်
ပေါင်းတည်ဒေသခံ ကိုစိုးစိုးက ပြောသည်။

ပေါင်းတည်မြို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပါမောက္ခ ဒေါက်တာမြဦးမှာ ယခင်အစိုးရ လက်ထက်တွင် ကျန်းမာရေး ဒု-၀န်ကြီးဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်သည်။

 Mizzima News

No comments:

Post a Comment