Monday, August 26, 2013

အိန္ဒိယ EXIM ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖြင့် ဆက်သွယ်ရေး၊ ပို့ဆောင်ရေးများ ပါဝင်သည့် လုပ်ငန်းစီမံကိန်း ခုနစ်ခု ဆောင်ရွက်မည် Created on Monday, 26 August 2013 01:52


အိန္ဒိယ ပို့ကုန်သွင်းကုန်ဘဏ် EXIM ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖြင့် ဆက်သွယ်ရေး၊ ပို့ဆောင်ရေး လုပ်ငန်းများ ပါဝင်သည့် လုပ်ငန်းစီမံကိန်း ခုနစ်ခုကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာအစိုးရ၏ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် နိုင်ငံချင်းနှင့် လူ့အဖွဲ့အစည်းများမှ ချေးငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက် များအရ သိရသည်။

အဆိုပါလုပ်ငန်း စီမံကိန်းခုနစ်ခုတွင် ချင်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း မိုက္ကရိုဝေ့ဗ် ဆက်ကြောင်း တည်ဆောက်ခြင်း လုပ်ငန်း (ရိဒ်-ကနေဒီ-ဟားခါး-မတူပီ- မင်းတပ် မိုက္ကရိုဝေ့ဗ်ဆက်ကြောင်း)၊ စက်ခေါင်းတွဲများနှင့် တွဲများ၊ သံလမ်းပြေး ကရိန်းများ၊ အရန်ပစ္စည်းများ ၀ယ်ယူခြင်း၊ အဓိက စက်ခေါင်းစက်ရုံ နှစ်ရုံနှင့် အဓိကတွဲပြင် စက်ရုံတစ်ရုံတို့အား အဆင့်မြှင့်တင်ခြင်း၊ လှိုင်သာယာ-ကျိုက်လတ် ၂၃၀ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်း၊ ဗန်းမော်-နဘား-ငှက်ပျော်ဒိုင်း-အုန်းတော ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်း တောင်တွင်းကြီး-မန်း နှစ်ထပ်မဟာ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းနှင့် ဆည်ရေသောက်စနစ် ဖွံ့ဖြိုးရေး စီမံကိန်း၊ တည်ဆောက်ဆဲ ဆည်မြောင်း ၁၆ ခု၊ ပြန်လည်ပြုပြင် မွမ်းမံမည့် ဆည်မြောင်းစီမံကိန်းများ ပါဝင်ကြောင်း သိရသည်။

အိန္ဒိယချေးငွေဖြင့် လုပ်ဆောင်မည့် အဆိုပါ စီမံကိန်းများကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနတို့မှ တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် အတွင်း ပြည်ပနိုင်ငံနှင့် အဖွဲ့အစည်းများမှ ရရှိနိုင်မည့် အကူအညီ ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ရှိကြောင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက်များအရ သိရသည်။

သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ ဂျာမနီ၊ ဗြိတိန်၊ ဒိန်းမတ်၊ နယူးဇီလန်၊ ပြင်သစ်၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ အကူအညီ ရယူနိုင်သည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၆၄၄ ဒသမ ၅၀၁ သန်း ရှိကြောင်း သိရသည်။

အဆင့်မြင့် စိုက်ပျိုးရေး သုတေသနနှင့် ပညာပေးရေး ဌာနနှင့် ခေတ်မီပညာပေးစပါး ဇီဝဥယျာဉ်၊ နယ်စပ်ဒေသများ၌ အခြေခံ အဆောက်အအုံနှင့် ဖွံ့ဖြိုးတိုးတက်ရေး အသေးစား စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရေး စီမံကိန်း၊ နို့စားနွားမွေးမြူမှုနှင့် တန်ဖိုးမြှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်မှု ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် အိန္ဒိယနိုင်ငံမှ အကူအညီ ရယူသွားမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း၏ ၂၀၁၂ ခုနှစ် မြန်မာချစ်ကြည်ရေး ခရီးစဉ်အတွင်း မြန်မာစီမံကိန်းများ အတွက် အိန္ဒိယမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ထုတ်ချေးရန် နှစ်ဖက်သဘောတူညီ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အိန္ဒိယချေးငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းတွင် ပါဝင်သည့် ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ ဆက်သွယ်ရေးတာဝါ တစ်ခုကို တွေ့ရစဉ်


Eleven Media Group

No comments:

Post a Comment