Tuesday, August 27, 2013

ခဏထားဦးဆိုတဲ့ Right to Recall ဥပဒေကြမ်း ဘုန်းအောင်


လွှတ်တော်သတင်းစာရှင်းလင်းပွဲ သြဂုတ်လ ၁၇ ရက်ထုတ် ပြည်ထောင်စု နေ့စဉ်သတင်းတွင် ပြည်ထောင် စု လွှတ်တော်နာယက သူရဦးရွှေမန်း၏ သတင်းစာ ရှင်းလင်းပွဲပါ ဖြေကြားချက်များကို ဖော်ပြထားရာ စိတ်ဝင်စား ဖွယ်ရာကောင်းလှသော ရှင်းလင်းချက်များကို ဖတ်လိုက်ရပါသည်။ ပြည်သူ လူထုကိုတင်ပြလိုသည်မှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈) ပုဒ်မ ၄ တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်ဟူ၍ ပြဋ္ဌာန်းထားခြင်းဖြစ်ပါသည်။ မည်သည့်အာဏာမဆို ပြည်သူများထံမှ ဆင်းသက်ခြင်း ဖြစ်ပါသည်။

ဒီမိုကရေစီ နိုင်ငံရေးစနစ်တွင် ပြည်သူလူထုသာလျှင် အချုပ်အခြာ အာဏာ ပိုင်ဖြစ်သည်ကို အခိုင်အမာ ချမှတ်ထားလေ့ရှိကြပြီး တိုက်ရိုက်ရွေးချယ် တင်မြှောက်ခြင်း၊ သွယ်ဝိုက်ရွေးချယ် တင်မြှောက် ခြင်း စသည့် နည်းလမ်း များဖြင့် ပြည်သူ့ကိုယ်စားကိုယ်စားလှယ်များ ရွေးချယ်ပေးရသည့် သဘော တရား ဖြစ်ပါသည်။ အမေရိကန်ကဲ့သို့ သမ္မတအုပ်ချုပ်ရေးစနစ်တွင် ပြည်သူများက သမ္မတကို တိုက်ရိုက်ရွေးချယ် တင်မြှောက် ၍ အုပ်ချုပ်စေနိုင် သလို အိန္ဒိယ၊ ယူကေစသည်ကဲ့သို့ ပါလီမန်အုပ်ချုပ်ရေးစနစ်တွင် ပါလီမန် အမတ်များကို ပြည်သူများက ရွေးချယ်ပေးပြီး အမတ်နေရာ အများဆုံး ရရှိသောပါတီက အစိုးရဖွဲ့ကာ ပါတီခေါင်းဆောင် ကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်လေ့ရှိပါသည်။ ပြည်သူများက ရွေးချယ်တင်မြှောက် လိုက်သော သမ္မတ၊ ဝန်ကြီးချုပ်နှင့် ပါလီမန်တို့က တရာသူကြီးချုပ်များ ခန့်အပ် တာဝန်ပေးလေ့ရှိပါသည်။ အခြေခံမှာ ပြည်သူ များ သာဖြစ်ပြီး၊ ယင်းတို့က တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်း ကောင်း၊ ရွေးချယ် ပေးလိုက်သော အရွေးချယ်ခံ ကိုယ်စားလှယ်များက ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို ခွဲဝေ ကျင့်သုံး ကြခြင်းဖြစ်သည်။ ပြည်သူများ၊ နိုင်ငံသားများ၏ အခွင့် အရေးများ၊ အကျိုး စီးပွား များ စသည်တို့ကို မြှင့်တင်ဖော်ဆောင်ပေးရန် အခြေခံဥပဒေတို့တွင် တိတိ ကျကျ ပြဋ္ဌာန်းထားလေ့ရှိပြီး၊ ယင်းအခွင့်အရေးများကို မဏ္ဍိုင်ကြီး (၃) ရပ်က ပြန်လည်၍ ဖြည့်ဆည်း ဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။ အလားတူ Check and Balance သဘောအရ မဲဆန္ဒရှင် ပြည်သူများ အနေဖြင့် မိမိတို့ ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်အား ပြန်လည် ဖြုတ်ချ ပိုင်ခွင့်ကိုလည်း ပြဋ္ဌာန်းထားလေ့ရှိပါသည်။

မိမိတို့ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၆ (ခ) တွင် “သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလ မဲဆန္ဒရှင် များအနက် အနည်းဆုံး(၁)ရာခိုင်နှုန်းတို့က တာဝန်မှပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ် နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်” ဟူ၍ ပြဋ္ဌာန်းပါရှိပါသည်။ ဤသည်ကို Right to Recall ဟု ခေါ်ပါသည်။ အထူးသတိပြုသင့်သည်မှာ အဆိုပါ အခွင့်အရေးသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အပ်နှင်းထားသော ပြည်သူ့အခွင့်အရေးဖြစ်ပြီး အဆိုပါ အခွင့်အရေးအား ရရှိနိုင်ရန်အလို့ငှာ အချို့သော မဲဆန္ဒနယ်များတွင် မူလ မဲဆန္ဒရှင်များ လက်မှတ် ရေးထိုးပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြခဲ့သည့် သာဓကများလည်း ပြည်သူများ ကြားသိခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ Right to Recall နှင့် ပတ်သက်၍ ဥပဒေတစ်ရပ် လိုအပ်နေသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော် ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ၃၀-၈-၂၀၁၂ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့ပါသည်။ ၆-၁၁- ၂၀၁၂ ရက်တွင် ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး နဝမနေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က၊ ယင်းဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းခဲ့သည်ကို တွေ့ရှိရပါသည်။ ယခုအခါ တစ်နှစ် နီးပါး ကြာမြင့်နေပြီ ဖြစ်သော်လည်း၊ ယင်းဥပဒေကြမ်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဆွေးနွေးခြင်းများ မပြုလုပ်ခဲ့ပါ။ ယခုအခါ ထိုသို့ ဆွေးနွေးမှု မရှိရသည့် အကြောင်းရင်းကို ပြည်ထောင်စုလွှတ်တော် နာယကကြီးက အောက်ပါအတိုင်း ရှင်းလင်းဖြေကြားသွားသည်ကို ဖတ်ရှုခဲ့ရ ပါသည်။

ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်များ အရည်အချင်း မပြည့်မီပါက လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရုပ်သိမ်းခြင်း ဥပဒေကြမ်း တင်ပြထားပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် က တာဝန် ရှိတဲ့ ပုဂ္ဂိုလ်တွေ ဆွေးနွေးလိုက်တဲ့အခါ ဒီဥပဒေကို ဆက်လက် အကောင်အထည်ဖော်ဖြစ်မယ် ဆိုရင်၊ ခေတ်စနစ်နဲ့ လျော်ညီတဲ့ကိစ္စများ ဖြစ်စေဖို့အပြင် ဒီနေ့မြန်မာနိုင်ငံရဲ့ ပါတီစုံ ဒီမိုကရေစီစနစ် ထူထောင်ရေး ကို များစွာခက်ခဲလာနိုင်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်တဲ့ ကာလမှာ “ဒီဥပဒေကို ခဏထားပြီး” ဆက်လက်ဆောင်ရွက်သင့်တယ်ဆိုတဲ့ ကော်မရှင်ရဲ့ အကြံပြု ချက် ရလာပါတယ်။ ရှင်းအောင် ထပ်ပြောရရင် ဒီနေ့ရွေးကောက်ပွဲ ကျင်းပ တယ်။ ပါတီစုံပါတယ်။ (က) ပါတီက အနိုင်ရတယ် ဆိုပါတော့။ ကိုယ်စားလှယ် ၅၁ ရာခိုင်နှုန်းနဲ့ အနိုင်ရသွားတယ်။ ကျန်တဲ့ ၄၉ ရာခိုင်နှုန်းက သူ့ကို မထောက်ခံဘဲ ကျန်ခဲ့တယ်။ အကယ်လို့ လွှတ်တော်ကိုယ်စားလှယ်ကို မထောက်ခံတဲ့ ၄၉ ရာခိုင်နှုန်းက ဒေသမှာရှိတဲ့ မဲဆန္ဒရှင် ၁ ရာခိုင်နှုန်းကနေ လက်မှတ်ထိုးပြီးတော့ လွှတ်တော်ကိုယ်စားလှယ် ကို ရုပ်သိမ်းဖို့ဆိုတာ အချိန်မရွေးပြန်လုပ်လို့ရပါတယ်။ ပေးထားတဲ့ ပါတီစုံဒီမိုကရေစီစနစ်၊ ဈေးကွက် စီးပွားရေးစနစ်က မမျှတဘူးဖြစ်မယ်။ အမှန်အတိုင်းပြောရမယ် ဆိုရင် “ဒီဥပဒေက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ ပတ်သက်ပြီး၊ တစ်ပါတီစနစ်မှာ တစ်ပါတီက လွှတ်တော် ကိုယ်စား လှယ် တွေကို ဖြုတ်ချခင်ရင် ဖြုတ်ချနိုင်အောင် ဒီအခွင့်အရေး ပေးထားတယ်။ ဒီအခွင့်အရေး ပေးလိုက်မယ် ဆိုရင် အရှုပ်အထွေးအများကြီးဖြစ်နိုင်တယ်။ ဘာကြောင့်လဲ၊ ပါတီစုံပါလာပြီ။ ဒါကြောင့် တခြားနိုင်ငံမှာ ရှိ/မရှိ၊ ဘယ်လိုကျင့်သုံးတယ်ဆိုတာ နိုင်ငံတကာစံတွေကို လေ့လာရတယ်။”

တစ်ဖန် လွှတ်တော် ကိုယ်စားလှယ် သုံးဦးပေါင်းပြီး နိုင်ငံဘဏ္ဍာ သိန်း ၁၀၀၀ ကို ဒေသဖွံ့ဖြိုးရေးအတွက် ကိုယ်တိုင် စီမံခန့်ခွဲ အသုံးပြုရေးနှင့် ပတ်သက်သော မေးခွန်းတွင် ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် အချက်နှင့် ဆက်စပ်၍ ကြိုတင်မဲဆွယ်ခြင်း ဖြစ်နိုင်/မဖြစ်နိုင် မေးမြန်းခဲ့ရာ၊ ပြည်ထောင်စု လွှတ်တော် နာယကကြီးက အိန္ဒိယနိုင်ငံတွင် ကျင့်သုံးနေသည် ကို သင်ခန်းစာယူ၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဖြေကြားသွားသည်ကိုလည်း တွေ့လိုက်ရပါသည်။ ဤဖြေကြားချက်များနှင့် ပတ်သက်၍ အရိုးခံအတိုင်း၊ မြင်သည့်အတိုင်းတင်ပြလိုသည်။ ပြည်သူ့အသံကိုနားထောင်လိုကြောင်း ကျယ်ပြန့်စွာ အသိပေးထားသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူ့အသံတစ်ခုဟူ၍ မှတ်ယူ ပေးစေလိုပါသည်။ ဟပ်ချိုးလည်း မချေလို၊ ဆိတ်ဖွားလည်း မမည်လိုကြောင်း ကြိုတင်တောင်းပန် လိုက်ရပါ သည်။ ဤနေရာတွင် လွှတ်တော်ကိုယ်စားလှယ်သုံးဦး ဆိုသည်မှာ ထိုမြို့နယ် က ကိုယ်စားပြု တင်မြှောက်လိုက်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များကို ဆိုကြောင်း ဦးစွာတင်ပြ လိုပါသည်။

မပါတာကို ကျင့်သုံးပြီး ပါတာကို ဘေးဖယ်မည်လော

လွှတ်တော် ကိုယ်စားလှယ် သုံးဦး သိန်း ၁၀၀၀ သုံး ဟူသော အချက်မှာ မိမိတို့၏ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိပါ။ Right to Recall မှာ မိမိတို့၏ အခြေခံဥပဒေတွင် အတိအလင်း ရှင်းရှင်းလင်းလင်း တိတိကျကျ ထင်ထင်ရှားရှား ပြဋ္ဌာန်း ထားသည်။ ပွင့်ပွင့်လင်းလင်းတင်ပြရလျှင် ပြည်သူများအား အခြေခံဥပဒေက ပေးအပ်ထားသော အခွင့် အရေးကို ပိတ်ပင်ရာ ရောက်နေပြီး၊ လွှတ်တော်ကိုယ်စားလှယ် များအတွက် အခြေခံဥပဒေက ပေးအပ်ထား ခြင်းမရှိသော အခွင့်အရေးကို မြှင့်တင်ရာ ရောက်နေသည်ကို သတိပြုစေလိုပါသည်။ သာမန် ဥပဒေတစ်ရပ်မဟုတ်ဘဲ အခြေခံဥပဒေ ဖြစ်နေခြင်းမှာ တရားဥပဒေ စိုးမိုးရေးနှင့် ဆက်စပ် စဉ်းစား သုံးသပ် ကြည့်လျှင်၊ စိုးရိမ်ဖွယ်ရာ အနေအထားဖြစ်နေကြောင်း တွေ့နေရ ပါသည်။

တစ်ပါတီစနစ်မှာပဲ သုံးခဲ့ခြင်းလား၊ နိုင်ငံတကာစံတွေ ဘယ်လိုရှိသလဲ

Right to Recall သည် ပြည်သူ့ကိုယ်စားလှယ်များ၏ တာဝန်ကျေပွန်မှုကို သေချာစေသည့် ဒီမိုကရေစီနည်းလမ်း တစ်ခုအဖြစ် ကျင့်သုံးနေကြခြင်းဖြစ် ပါသည်။ လူသားယဉ်ကျေးမှုတွင် အစောဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အေသင်မြို့ပြနိုင်ငံ၏ ကွန်စတီကျူးရှင်းတွင် ထည့်သွင်းပြဋ္ဌာန်းကာ အစောဆုံး ကျင့်သုံးခဲ့ပါသည်။ ခေတ်သစ်ကာလ ၁၉၀၃ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျလိပြည်နယ်တွင် စတင်ကျင့်သုံးခဲ့ပြီး၊ ယခုအခါ Right to Recall ကို အမေရိကန်ပြည်ထောင်စုတွင် (၁) အလာစကာ ပြည်နယ်အခြေခံ ဥပဒေ ၊ (၂) အရီဇိုးနားပြည်နယ် အခြေခံဥပဒေ၊ (၃) ကယ်လီဖိုးနီးယားပြည်နယ် အခြေခံ ဥပဒေ၊ (၄) ကော်လိုရာဒိုပြည်နယ် အခြေခံဥပဒေ၊ (၅) ဂျောဂျီယာ ပြည်နယ် အခြေခံဥပဒေ၊ (၆) အိုဒါဟိုး ပြည်နယ် အခြေခံဥပဒေ၊ (၇) ကန်းဆတ် ပြည်နယ် အခြေခံဥပဒေ၊ (၈) လူးဝီစီယားနား ပြည်နယ် အခြေခံဥပဒေ၊ (၉) မစ်ချီဂန် ပြည်နယ် အခြေခံဥပဒေ၊ (၁၀) မင်နီဆိုးတား ပြည်နယ် အခြေခံဥပဒေ၊ (၁၁) မွန်တားနား ပြည်နယ် အခြေခံဥပဒေ၊(၁၂) နီဗေးဒါး ပြည်နယ် အခြေခံဥပဒေ၊ (၁၃) နယူးဂျာစီ ပြည်နယ် အခြေခံဥပဒေ၊ (၁၄) မြောက်ဒါကိုတာ ပြည်နယ် အခြေခံဥပဒေ၊ (၁၅) အော်ရီကွန်း ပြည်နယ် အခြေခံဥပဒေ၊ (၁၆) ရိုဒီအိုင်လန် ပြည်နယ် အခြေခံဥပဒေ၊ (၁၇) ဝါရှင်တန် အခြေခံဥပဒေ၊ (၁၈) ဝစ်စ်ကွန် ဆင်ပြည်နယ် အခြေခံဥပဒေတို့တွင် အလားတူ ပြဋ္ဌာန်းထား ရှိကြောင်း အထင်အရှားတွေ့ရှိ ရပါသည်။ အိန္ဒိယနိုင်ငံတွင် ချတ္တီဂါ့ရှ် ပြည်နယ်၊ မဟာရတ္ထရ ပြည်နယ်၊ မဒရာပရာဒက်ရှ် ပြည်နယ်များတွင် ကျင့်သုံးလျက်ရှိပြီး နောက်အကျဆုံး ၂၀၀၈ ခုနှစ်တွင် ချတ္တီဂါ့ရှ် ပြည်နယ်တွင် Recall Election ကို ကျင်းပခဲ့ ကြောင်းတွေ့ရှိရပါသည်။ ယူဂန္ဓာ၊ ကနေဒါ၊ ဂူယာနာ၊ ဆွစ်ဇာလန်၊ ဗင်နီဇွဲလားနိုင်ငံများတွင် Right to Recall ကို ကျင့်သုံးလျက်ရှိပါသည်။ သို့ဖြစ်ရာ Right to Recalls ကို တစ်ပါတီ စနစ်တွင်သာ ကျင့်သုံးခဲ့ခြင်းဖြစ် သည် ဟူသော အယူအဆကို ရှေ့တန်းတင်လျက် ဆွေးနွေး လာခြင်းသည် ပြည်သူတို့၏ အခွင့်အရေးအား တိုက်ရိုက်ပိတ်ပင်ရာ ရောက်နေပြီဖြစ် ကြောင်း သတိပြုသင့်လှပေသည်။ ဒီမိုကရေစီ၏ အန္တရာယ်ဖြစ်ပါသည်။ ဤသို့ဆိုလျှင် မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းကျင့်သုံးပြီးခဲ့သော ဖွဲ့စည်းပုံအခြေခံ ဥပဒေ သုံးရပ်ကို လေ့လာ ကြည့်သင့်ပါသည်။

တစ်ပါတီစနစ်ကျင့်သုံးခဲ့သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၅ တွင် နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အခြားသက်ဆိုင်ရာ ဥပဒေများနှင့်အညီ (က)နိုင်ငံတော်၏ အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်သို့ ပြည်သူ့ကိုယ်စား လှယ်များရွေးချယ် တင်မြှောက် ခွင့်နှင့် မိမိကိုယ်တိုင် ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရွေးချယ် တင်မြှောက်ခံပိုင်ခွင့် ရှိသည်။ (ခ) မိမိတို့ ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များကို တာဝန်မှ ပြန်လည် ရုပ်သိမ်းခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားသည်။ ပါတီစုံစနစ် ကျင့်သုံးခဲ့သော ပါလီမန်ဒီမိုကရေစီ အစိုးရခေတ် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၇၈ တွင် ပါလီမန်ဆိုင်ရာ လွှတ်တော် တစ်ရပ်ရပ်၏ အမတ်တစ်ဦးကို အမတ်အဖြစ်မှ ထွက်ခိုင်းရန် လိုအပ်သော စည်းကမ်းချက်များနှင့် နည်းနာများကို ပါလီမန် သည် တရားဥပဒေဖြင့် ပြဋ္ဌာန်းသတ်မှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားပါသည်။

လက်ရှိ ပါတီစုံဒီမိုကရေစီစနစ်တွင် ကျင့်သုံးနေသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၆၉ (ခ) တွင် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်း(ဖြုတ်ချ) ခြင်းကို သက်ဆိုင်ရာ မဲဆန္ဒရှင် များသည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော် ကိုယ်စားလှယ်ကို ဥပဒေနှင့် အညီ တာဝန်မှ ပြန်လည် ရုပ်သိမ်းခွင့်ရှိသည်ဟု လည်းကောင်း၊ ပုဒ်မ ၃၉၆ တွင် တွင် (က) လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို အောက်ပါ အကြောင်း တစ်ရပ်ရပ်ကြောင့် တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည် (၁) နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ (၂) ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ (၃) အကျင့်သိက္ခာ ပျက်ပြားခြင်း၊ (၄) ဤဖွဲ့စည်းပုံအခြေခံဥပဒေ တွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၏ အရည်အချင်း ပျက်ယွင်းခြင်း၊ (၅) ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်း၊ (ခ) သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော် ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်းတန်းချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရ မည်။ (ဂ) ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးရမည်၊ (ဃ) စွပ်စွဲချက် ကို စုံစမ်းစစ်ဆေးသည့်အခါ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် ကိုယ်တိုင်သော်လည်းကောင်း၊ ချေပခွင့်ပေးရမည်၊ (င) ပြည်ထောင်စု ရွေးကောက်ပွဲကောာ်မရှင်က ထိုစွပ်စွဲချက်သည် မှန်ကန်ပြီး၊ စွပ်စွဲခံ ရသူသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း သဘောရရှိလျှင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဟု လည်းကောင်း၊ ဆက်လက်၍ ပုဒ်မ ၃၉၇ တွင် ပြည်ထောင်စုလွှတ်တော်သည် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စ များနှင့် စပ်လျဉ်း၍လည်းကောင်း၊ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်း လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရ မည် ဟုလည်းကောင်း ပြဋ္ဌာန်းထားပါသည်။ ခေတ်သုံး ခေတ်၏ ပြဋ္ဌာန်းချက်များကို နှိုင်းယှဉ်ကြည့်လျှင် တစ်ပါတီစနစ်ဖြစ်၍သာ လွှတ်တော်ကိုယ်စားလှယ်အား တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်အတွက် ပြဋ္ဌာန်းထားသည်ဟူသော အဖြေ မှန်/မမှန် တွေ့မြင်နိုင်ပါသည်။ အမှန်တရား သည်ကား ပြည်သူ့ထံမှ အာဏာ သက်ဆင်းလာသည်ဟူသော ဒီမိုကရေစီ၏ အခြေခံ အယူအဆပင် ဖြစ်ပါသည်။

တစ်ရာခို်င်နှုန်းလက်မှတ်ရေးထိုးတာနဲ့ ဖြုတ်ချနိုင်ပြီလား

မူလမဲဆန္ဒရှင်၏ တစ်ရာခိုင်နှုန်းက လက်မှတ်ရေးထိုးတောင်းဆိုတင်ပြရုံမျှဖြင့် ဖြုတ်ချနိုင်ခြင်းမရှိကြောင်း၊ သတင်းစာတွင် ဖော်ပြပါရှိခဲ့သော လွှတ်တော် ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်းတွင် တွေ့ရှိနိုင်ပါသည်။ ယင်းဥပဒေကြမ်းပုဒ်မ ၁၄ တွင် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းကြောင်းသို့မဟုတ် မရုပ်သိမ်းကြောင်း မဲပေး ဆုံးဖြတ်ရာတွင် လာရောက်ဆန္ဒမဲပေးကြသည့် သက်ဆိုင်ရာမဲဆန္ဒရှင်များ၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာအတည်ပြုရမည်ဟူ၍ ပါရှိသည်။ တစ်ရာခိုင် နှုန်းက လက်မှတ်ရေးထိုးတင်ပြလျှင် ကော်မရှင်က အဖွဲ့ဖွဲ့၍ စစ်ဆေးပါဦးမည်။ ထိုသို့စစ်ဆေးပြီး ပြည်သူ များ၏ တောင်းဆိုချက် မှန်ကန်ကြောင်းတွေ့ရှိ မှသာမူလမဲဆန္ဒနယ်မြေတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပ ရမည်ဖြစ်ပြီး၊ ထက်ဝက်ကျော်ကရုပ်သိမ်းရန် ထောက်ခံမှသာ ဖြုတ်ချနိုင်မည် ဖြစ်ပါသည်။ နာယကကြီး၏ ဥပမာအတိုင်းတင်ပြရလျှင် (က) ပါတီကအနိုင်ရခဲ့သည် ယူဆပါက ၅၁ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်အား ကျန်သည့် ၄၉ ရာခိုင်နှုန်းကမထောက်ခံဘဲ ဖြုတ်ချရန်၊ မဲပေးခဲ့လျှင်လည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်နေပါလိမ့်မည်။ ကျန်သည့် ၄၉ ရာခိုင်နှုန်းအနက်မှ တစ်ရာခိုင်နှုန်းက လက်မှတ်ရေးထိုးရုံဖြင့် ဖြုတ်ချနိုင်ခြင်းမပြုနိုင်အောင် ဥပဒေကြမ်းတွင် ဖော်ပြထား ကြောင်း တွေ့ရှိရပါသည်။

လွှတ်တော်ကိုယ်စားလှယ်များအခွင့်အရေး မြှင့်တင်ခြင်းများ၊

ပြီးခဲ့သည့် (၂) နှစ်ခွဲ သက်တမ်းအတွင်း ပြဋ္ဌာန်းလိုက်သည့် ဥပဒေ (၆၃) ခုတွင် လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းသည့် ဥပဒေကြမ်း (၁၁) ခုကိုလေ့လာကြည့်လျှင် လွှတ်တော် အကျိုးကိုသာ မြှင့်တင်လိုသည့် သဘော (စွပ်စွဲလိုခြင်းမဟုတ်ပါ) သက်ရောက်နေသော ဥပဒေများဖြစ်သည့် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ၊ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ စုစုပေါင်း (၅) ခုရှိကြောင်း တွေ့ရှိရပါသည်။ ယခုတစ်ဖန် အိန္ဒိယ နိုင်ငံ၏ နမူနာကိုယူ၍ ဆောင်ရွက်သည် ဟုကြေညာထားသော ဆိုင်ရာဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရန် လွှတ်တော် ကိုယ်စားလှယ် သုံးဦး၊ သိန်းတစ်ထောင်ခွဲဝေပေး၍ ဒေသဖွံ့ဖြိုးရေးဆောင်ရွက် စေလိုသည် မှာလည်း လွှတ်တော်ကိုယ်စားလှယ် အကျိုးကို မြှင့်တင် လိုရာရောက်/မရောက် ပြန်လည်ဆန်းစစ် လေ့လာသင့်လှ ပါသည်။ အကြောင်းရင်းကား လွတ်လပ်သောတရားမျှတသော ရွေးကောက်ပွဲ ဟူသည်မှာ ဝင်ရောက်ယှဉ်ပြိုင်သူများအားတန်းတူရည်တူ ပြိုင်ကွင်း (Level Play Field) ဖြစ်ရန် လိုအပ်ခြင်းကြောင့် ဖြစ်ပါသည်။ ယခုအခါ လွှတ်တော် တွင်းမရောက်ရှိသေးသော်လည်း ၂၀၁၅ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန်၊ ပါတီအသစ် ထူထောင်မှုများတွေ့ရှိနေရပြီဖြစ်ရာယခုကဲ့သို့ မိမိတို့ မဲဆန္ဒနယ် ဖွံ့ဖြိုးတိုးတက် ရေးကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက် စေခြင်းကြောင့် တရားမျှတသော ယှဉ်ပြိုင်မှုကို ထိခိုက် နိုင်ခြင်းရှိ /မရှိ၊ အဆိုပါ သုံးဦးတစ်ထောင်သည် မဲဆွယ်စည်းရုံးခြင်း၏ အစိတ်အပိုင်း တစ်ရပ် အဖြစ် ရောက်ရှိ သွားနိုင်ခြင်းရှိ/မရှိ၊ လက်ရှိကိုယ်စားလှယ်များအား သိန်းတစ်ထောင်စီ ထောက်ပံ့ပေးလျှင် ၊ ဝင်ရောက် ယှဉ်ပြိုင်မည့် အခြား ကိုယ်စားလှယ်လောင်းများကို ထောက်ပံ့မှု ပေးသင့်/မပေးသင့် စသည်တို့မှာ လည်း ဒီမိုကရေစီသဘောတရားအရ ဆန်းစစ်လေ့လာသင့်ကြောင်း တွေ့ရှိရပါသည်။

“ခဏထား”ဟူသော ဆိုလိုရင်းမှာ နောက် (၂)နှစ်ခွဲ သက်တမ်း တစ်ခုလုံးကို ဆိုလိုသည်လား ရှင်းရှင်း လင်းလင်းမရှိပါ။ ခဏထားခဲ့သဖြင့် ပြီးခဲ့သည့် (၂) နှစ်ခွဲလုံးလုံး နိုင်ငံသားများ အခြေခံဥပဒေက ပေးအပ် ထားပြီး ဖြစ်သော အခွင့်အရေးကိုချွေးသိပ်ထားရာမှ အဆုံးခံရမည့် အခြေအနေရောက်နိုင် လေပြီ။ အခြေခံ ဥပဒေက အတိအလင်း အပ်နှင်းထားသော အခွင့်အရေးကို ဤသို့ ခဏထားဟူ၍ ပိတ်ပင်တားမြစ် ထားခြင်းသည် Rule of Law အရ မည်သည့် အဓိပ္ပာယ်သက်ရောက်စေနိုင်မည်နည်း ဟူသည်ကိုလည်း စဉ်းစားဖွယ်ရာ ဖြစ်နေပါသည်။ လိုက်နာစောင့်ထိန်းမှုကင်းမဲ့သော အခြေခံဥပဒေသည် မည်သို့သော အခြေအနေသို့ ဆိုက်ရောက်သွားနိုင်သည် ကိုလည်း တွေးမိပါသည်။

လွှတ်တော်ကိုယ်စားလှယ်များကို စွပ်စွဲပြစ်တင်မှု မလုပ်နိုင်။ Right to Recall ဖြင့်သာ မဲဆန္ဒရှင်တို့က ထိုသူကို ထိန်းနိုင်သည်

မိမိတို့ နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် သမ္မတနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ ဝန်ကြီးချုပ်နှင့် တိုင်း ဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့ဝင်များအား ဖြုတ်ချလိုလျှင် စွပ်စွဲပြစ်တင်ခြင်းနည်းလမ်းဖြင့် ဆောင်ရွက် နိုင်ပါသည်။ ပြည်ထောင်စု လွှတ်တော်ကြီးက ပင်လျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး တစ်ဖွဲ့လုံးကို စွပ်စွဲပြစ်တင်၍ ဖြုတ်ချခဲ့ပြီး ဖြစ်သည်ကို ဟိုးလေးတကျော် တွေ့ခဲ့ကြပြီး သမိုင်းဖြစ်သွားခဲ့ပါသည်။ ထိုကိစ္စ ကို တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ကြသော လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မိမိကို ဖြုတ်ချနိုင် သော အခွင့်အရေးကို ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်တားဆီးထားသည်ဆိုပါက ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၉၆ (က) (၂) အရ အကျုံးဝင်လာမည် ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များကို စွပ်စွဲပြစ်တင်၍ မရပါ။ လွှတ်တော်ကိုယ်စားလှယ်များကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၉၆(ခ) ဖြင့်သာ ဖြုတ်ချနိုင်ပါသည်။ တစ်ဖန် ယင်းဖြုတ်ချ ခွင့်မှာ အချုပ်အခြာအာဏာ သက်ဆင်းရာဖြစ်သော ပြည်သူများအား အခြေခံ ဥပဒေ က တရားဝင်အပ်နှင်းထားသော အခွင့်အရေးဖြစ်ကြောင်း သတိပြုစေလို ပါသည်။ ဤသို့ ဒါတော့ ခဏထား ကွာ၊ ဒို့အခွင့်အရေးတွေ မြှင့်တင်ဖို့ပဲ လုပ်ကြတာပေါ့ ဟူသော သဘောမှာ ဒီမိုကရေစီ၏ စစ်မှန်သော အနှစ်သာရ ကို မျက်ကွယ်ပြုရာ ရောက်ရှိနေပါသည်။ ယခု (၅)နှစ်လုံးလုံး အဆိုပါ အခွင့်အရေး မရရှိခဲ့လျှင်၊ အခြေခံ ဥပဒေကို မည်သူတွေ လိုက်နာပါ။ မည်သူတွေက လိုက်နာရန်မလိုဟု ခွဲခြားမှုသဘော ရှိလေပြီ လား တွေးဆဖွယ်ပင်၊ ပြည်သူ့အကျိုးစီးပွားကို မမြှင့်တင်နိုင်လျှင်နေပါ။ ပြည်သူ့ အခွင့်အရေးကို မပိတ်ပင် သင့်ဟု ပွင့်ပွင့်လင်းလင်း တင်ပြလိုပါသည်။ ပြည်သူ့အခွင့်အရေးကို ပိတ်ပင်လိုခြင်းသည် ပြည်သူ့ ကိုယ်စားလှယ် အစစ် အမှန်အဖြစ်မှ သွေဖည်သွားလေပြီလားဟု အထိတ်တလန့် ဆင်ခြင်မိပါသည်။ Check and Balance ဆိုသည့်အပြန်အလှန် ထိန်းကျောင်းခြင်းအမှုကို မိမိကလည်း ကျင့်သုံး မိမိအပေါ် ကျင့်သုံးရင်လည်း ခံယူမှ ဖြစ်မည်ဟု လက်ခံရပေမည်။

အခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်/မရောက်

အခြေခံ ဥပဒေတွင် မပါရှိသောလည်း ဘယ်နိုင်ငံ တွေမှာ ဘယ်လိုလုပ်နေတာ၊ ဒါကြောင့် ဒါတွေကို အတုယူပြီး လုပ်နေတာပါ ဟူသော ပြောကြားချက်မှာ ပြည်သူ့အကျိုးရည်ရွယ်ရိုးမှန်လျှင် သင့်မြတ်ကောင်းမွန်နိုင်ပါသည်။ မိမိတို့ထက် ဒီမိုကရေစီ ခရီးလမ်းကို လျှောက်လှမ်းသွားနှင့်ပြီး ဖြစ်သော အခြားနိုင်ငံများကို သင်ခန်းစာယူသင့်သည်ကို ယုံယုံကြည်ကြည် လက်ခံပါသည်။ သို့သော် အခြေခံဥပဒေတွင် အတိအလင်း ပြဋ္ဌာန်းထားသော ပြဋ္ဌာန်းချက်မျာကို ခဏထား ဦး ဟူ၍ လျစ်လျူရှုနေကြခြင်းသည် ယနေ့ခေတ် ခေါင်းဆောင်များ မကြာခဏ ပြောကြားနေကြသော Rule of Law, No One Above the Law စကားသံများက ဝမ်းနည်းစွာ ငိုကြွေးနေကြမည်လား မပြော တတ်ပေ။ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့ မျှော်လင့်ချက်၊ ပြည်သူ့ အကျိုးစီးပွား၊ မိဘပြည်သူ စသည် အားဖြင့် ပြောကြားမှုများတွင် ပါရှိနေသော ပြည်သူများအတွက် အခြေခံဥပဒေက ပေးအပ်ထားသော အခွင့်အရေးများ ရရှိရန် ခဏထားဦးဟူသော စကားတစ်ခွန်းဖြင့် ဤသို့ မျက်စိစုံမှိတ် နေသင့်ပါ၏လော။ စိုးရိမ်ပူပန်ဖွယ်ရာ အကောင်းဆုံးအခြေအနေကား မိမိတို့ ရှေ့မှောက်တွင် ရောက်ရှိနေပေပြီ။ ဤအခြေခံ ဥပဒေသည် ကျင့်သုံး လိုက်နာရန်၊ စောင့်ထိန်းရန်မလိုအပ်ဟု ယူဆလိုက်ပြီဆိုလျှင် ဤအုတ်မြစ်ဖြင့် တည်ဆောက်ထားသော ဤနိုင်ငံသည် မည်သည့်သောင်ကမ်းသို့ ဆိုက်ရောက် သွားမည်လဲ။ ဤသည်ကို ပင်လျှင် ဒီမိုကရေစီဟု အမည်တပ်သော် အခြေခံ ဥပဒေနှင့် ကသောင်းကနင်းများစွာ ဖြစ်ပေါ်လာရုံသာ ရှိလေမည်လား စဉ်းစားဖွယ်ပင်။ နောက်ဆုံးစဉ်းစားမိသည့် Check and Balance ဟု အလွန်သုံးနေသည့် (အသုံးလွန်နေ သည်ဟု မဆိုချင်) ယဉ်ကျေးမှုစကားအသစ်ဖြစ်သည်။ မိမိအား ထိန်းကျောင်းနေသည့် ကိစ္စရပ်မှန်သမျှကို ဖယ်ရှားရန် ရည်ရွယ်ဆောင်ရွက်နေသည်ဟု ဆိုလျှင်၊ ဒီမိုကရေစီခေတ်ဦးတွင် မည်သူတွေ၊ မည်သည့်အဖွဲ့တွေက သွေဖည်၍ အာဏာရှင်အဖွဲ့အစည်းပုံစံ ဖော်ဆောင်ကြတော့မည်နည်း ဟု သုံးသပ်ကြရတော့မည်။ “ ပြည်သူတွေမှာ ဒီမိုကရေစီ ပန်းတိုင်းကို ရည်မျှော်၍ လျှောက်လှမ်းရင်း ပျောက်သောလမ်းမှာ စမ်းတဝါးဖြစ်တော့မည်။ လိုချင်သော ပြည်သူ့ဗဟိုပြု အုပ်ချုပ်ရေးဆိုသည်ထက် ဘယ်စနစ် ဖြစ်လာမည်လဲ။ မိမိတို့ ပြည်သူများအနေဖြင့် ထိန်းကျောင်းတည့်မတ်ကြမည်လဲ။ မည်သည့် နိုင်ငံများ မည်သို့ကျင့်၍ မည်သို့လုပ်လိုသည်ဆိုသည်မှာ ဒီမိုကရေစီနုနယ်စ မိမိတို့နိုင်ငံအဖို့ အတုယူ သင့်သည်ကို တင်ပြပြီးပေပြီ။

အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်လျက် လွတ်လပ်ရေး ကို ရည်မျှော်ရင်း ရေးဆွဲခဲ့သည့် ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေ ပုဒ်မ ၅၇ ပြဋ္ဌာန်းချက်ကို အလျဉ်းသင့်၍ တင်ပြလိုပါသည်။ နိုင်ငံတော် သမ္မတသည် ဝန်ကြီးချုပ်၏ အကြံပေးချက်အရ၊ ပြည်သူ့ လွှတ်တော်ကို ဆင့်ခေါ်ရမည်။ သို့တည်းမဟုတ် ဖျက်သိမ်းရမည်။ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ မိသားစုများနှင့် ခင်မင်ရင်းနှီးသော မိတ်ဆွေတို့ကို နိမိတ်ဖတ် ပြောကြား ခဲ့ဖူးသည့် “ ကျုပ်ကတော့ လွတ်လပ်ရေးရပြီး အာဏာလုပွဲတွေ မစခင် နိုင်ငံရေး လောကက အနားယူမယ်” ဟု ပြောခဲ့သည်ကို ဖတ်မိဖူးသဖြင့် တွေးမိခြင်း ဖြစ်ပါသည်။ တမလွန်က ပြည်သူချစ်သော ဒို့ဗိုလ်ချုပ်ပြုံးနေမည် လား မပြောတတ်ပေ၊ ထိန်းညှိခြင်းဟု ဆိုရာ၌ မဏ္ဍိုင်ကြီး (၃) ရပ်တို့ ကျင့်ကြံ ရမည့် ပြဋ္ဌာန်းချက်ကို ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၁ (က) တွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေ ပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာ တို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း တို့ ပြုသည်ဟု ပြဋ္ဌာန်း ထားပါသည်။ မည်သို့ဆိုစေ ထိုမဏ္ဍိုင်(၃) ရပ်တို့သည် ပြည်သူ့အကျိုးသယ်ပိုးရမည်ဟု ခံယူချက် ခိုင်ခိုင်မာမာထားရှိလျှင်၊ မိမိကိုယ်ကို ဖြုတ်ချ၍ မရနိုင်သော၊ ဘယ်တော့မှ မလျော့ကျတော့သော (ဘာသာရေးနှင့် ယှဉ်တွဲ၍ မမြဲသော သဘောကို နှလုံးသွင်းလျက်) ပြည်သူ့ကိုယ်စားလှယ်ဖြစ်ရမည်ဟု မခံယူကြလျှင် ပြည်သူတို့ကလည်း အရတော်ပေစွဟု ပီတိဖြာဝေ၍ မေတ္တာပို့သ ချီးမွမ်းနေကြပေလိမ့်မည်။ ရည်မှန်းချက်ကိုကား အပျောက်ခံ၍ မဖြစ်ပြီ။ နိုင်ငံတော်တွင် တရားဥပဒေ စိုးမိုးရေးမရှိမဖြစ်ဟု နှုတ်ထွက်စကားပြောဆိုမှု သည် အမှန်ပင်မရှိမဖြစ် လိုအပ်သလို ရေပန်းလည်း စားနေပါသည်။ ယုံကြည် လျှင် ယုံကြည်သည့်အတိုင်း ဖော်ဆောင်နိုင်ကြပါစေ၊ အပြောနှင့်အလုပ်ညီကြ ပါစေ ဟု မဝံ့မရဲ ရင်မောစွာ ဖြင့် မျှော်လင့်နေရသော အိပ်မက်ဆိုးမှ နိုးထနိုင်ကြပါစေ။ ကိုယ်တိုင်လည်း အိပ်မက်ဆိုးတွင် မနစ်မျောလို ပြီ။ သဗ္ဗေသတ္တာ ကမ္မသကာ ဟုတော့ နှလုံးမသွင်းချင်။ ငုတ်မိသဲတိုင်တက် နိုင်ဖျားရောက် ဟု ခံယူ၍ ဒီမိုကရေစီခေတ်ဦး ကြည်နူးမှုအတွေးများကို ရှင်သန်စေလိုကြောင်း ဆုတောင်းလိုက်ရပေတော့သည်။

The Messenger ဂျာနယ် အတွဲ(၄) အမှတ်(၁၄) မှ ကူးယူဖော်ပြသည်

No comments:

Post a Comment