Tuesday, August 27, 2013

မှော်ဘီမြို့နယ်အတွင်း နှစ်ပေခန့် ရေကျသွားသော်လည်း ရပ်ကွက်နေသူများ ရေဘေးဒုက္ခ ခံစားနေရဆဲဖြစ်ပြီး ကျောင်းအချို့ ပိတ်ထားရ Tuesday, August 27, 2013


မှော်ဘီမြို့နယ် ရေကြီးရေလျှံမှု သြ ဂုတ် ၂၆ ရက်တွင် နှစ်ပေခန့်
ပြန်လည် လျော့ကျသွားပြီ ဖြစ်သော်လည်း ရပ်ကွက်နေ ပြည်သူများ
ရေဘေးဒုက္ခ ဆက်လက်ခံစား နေရပြီး ကျောင်းအချို့ ပိတ်ထားရဆဲ
ဖြစ်ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

မှော်ဘီမြို့နယ် တိုးချဲ့အမှတ် ၄ ရပ်ကွက်၊ တိုးချဲ့ အမှတ် ၃ ရပ်ကွက်နှင့် တပ်ကြီးကုန်း ကျေးရွာအုပ်စုတို့တွင် သြဂုတ် ၂၂ ရက်မှ စတင်ကာ သြဂုတ် ၂၅ ရက်ထိ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဘုန်းကြီးကျောင်းများ လူနေအိမ်များ၊ မူလတန်း ကျောင်းအချို့၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတို့ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ကာ လူဦးရေ နှစ်ထောင်ခန့်
ရေဘေးဒုက္ခ ခံစားခဲ့ရကြောင်း သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

''ရေကြီးနေတာတွေ မနေ့ကစပြီး တဖြည်းဖြည်း ကျလာတယ်။ ဒီနေ့အထိ
နှစ်ပေလောက် ကျသွားပါပြီ။ ဒါပေမဲ့ အနိမ့်ပိုင်း ရပ်ကွက်တွေမှာတော့
ရေကတစ်ပေ မကလောက် ကျန်နေပါသေးတယ်။ အမှတ် ၄ ရပ်ကွက်ရဲ့ အရှေ့ဘက် တစ်ခြမ်းလုံးက အနိမ့်ပိုင်း ရပ်ကွက်ပါ'' ဟု ရေကြီးမှုဒဏ်ကို ခံစားနေရသော အမှတ် ၄ ရပ်ကွက်မှ ဦးအောင်နိုင်ဦးက ဆိုသည်။

ထို့ပြင် ယခုကဲ့သို့ ပြီးခဲ့သည့် နှစ်များထက် ရေကြီးရေလျှံ ရခြင်းမှာ
မှော်ဘီချောင်း တိမ်ကောလာရ ခြင်းကြောင့် ဖြစ်ကြောင်းနှင့် ရပ်ကွက်အတွင်းရှိ မြောင်းများတွင် အမှိုက်များ ပိတ်ဆို့မှုများကြောင်း
ဒေသခံများက သုံးသပ် ပြောကြားခဲ့သည်။

ထို့နောက် အမှတ် ၄ ရပ်ကွက်မှ တာဝန်ရှိသူ တစ်ဦးက ကယ်ဆယ်ရေးစခန်း ငါးခုဖွင့်လှစ် ထားသည်ဟုဆိုသော်လည်း ဒေသခံအများစုက ကယ်ဆယ်ရေး
စခန်း ဖွင့်လှစ်ထားမှု မရှိကြောင်းနှင့် ၀ပ်နေသော ရေများကြောင့် ခြေသလုံး ယားယံခြင်းများ ဖြစ်ပွားနေကြောင်း သိရသည်။
eleven media

No comments:

Post a Comment