Saturday, August 24, 2013

"သေပြီ.... ကျုံးထဲမှာ လာပေါ်တဲ့ ပိုင်ရှင်မဲ့အလောင်းအနေနဲ့ သေပြီ။ ဒဏ်ရာဒဏ်ချက်တွေနဲ့ သေပြီ။ ဦးတင်မြင့်ကြီး သေပြီ...." News of Myanmar


တစ်ခါတုန်းက မန္တလေးမှာမွေး မန္တလေးမှာကြီးတဲ့ ကွမ်တုံးတရုပ်ကြီးတစ်ယောက်ရှိသတဲ့။ သူ့ဆွေမျိုးသားချင်းတွေက အမေရိကားနဲ့ ထိုင်ဝမ်ကို ပြောင်းသွားပြီဆိုတော့ မြန်မာပြည်မှာ မန္တလေးမှာ သူတစ်ယောက်တည်းပဲ ကျန်ရစ်ပါသတဲ့။ ဘာလို့ လိုက်မသွားတာလဲမေးရင် ငါ့ရည်းစားက မန္တလေးမှာကွ...တဲ့။ ခင်ဗျားရည်းစားက ဘာလုပ်နေလို့လဲမေးတော့ သူပြောပြတဲ့သူက မန္တလေးက ထိတ်ထိတ်ကျဲ ဆရာမကြီး။ ဘာသာမတူ လူမျိုးခြားလို့ ငါတို့ကွဲရတာတဲ့။ သူ့ချစ်သူကလဲ အိမ်ထောင်မပြုသလို သူကလဲ သူ့ချစ်သူကလွဲ မိန်းမဆိုရင် ဖွဲနဲ့ဆန်ကွဲပဲ။ ခင်ဗျားတို့ ချစ်တတ်တယ်ဆိုတာ သူနဲ့တွေ့ရင် ဖျားသွားမယ်။ အသက် ခြောက်ဆယ်နဲ့မှ ခုနှစ်နှစ်ကျော်တဲ့အထိ ချစ်သူနဲ့ဆုံဖို့အရေး တစ်နှစ်မှာတစ်ခါ ကြုံရတဲ့ ခရစ်စမတ်နေ့ကိုစောင့်စားရင်း အသက်ရှင်နေတာ။
သူကဘာလဲ...သိလား။ သစ်ရွက်ပန်းချီဆရာ...
သစ်ပင် အမျိုးအစားပေါင်းစုံက ကြွေကျလာတဲ့ စွန့်ပစ်သစ်ရွက်ကြွေလေးတွေကို တကူးတကကောက်ပြီး သူ့ရဲ့ သွားလေရာ သယ်သွားတတ်တဲ့ အိတ်စုတ်ကြီးထဲမှာ အကုန်လုံး စုထားတယ်။ အရောင်တွေပြောင်းလို့ ခြောက်သွား နွမ်းသွားတဲ့အထိပေါ့။ ပြီးတဲ့အခါ ဘုရားရိပ် တရားရိပ် သစ်ပင်ရိပ် တစ်ခုခုအောက်မှာရောက်ရင် စောစောက သစ်ရွက်ကြွေလေးတွေပေါင်းစုံကို ပေါင်းစပ်စုစည်းပြီး ပန်းချီကားတစ်ချပ် ဖန်တီးပါတော့တယ်။ သူ့ရဲ့ ဖန်တိးမှု ပန်းချီကားတစ်ချပ်တန်ဖိုးကို သူမသိဘူး(မသတ်မှတ်ချင်ဘူး)။ ချီးကျူးထောပနာပြုပြီး အလကားယူသွားရင်လဲ ကျေနပ်သလို ထမင်းတစ်နပ်စားခွင့်ရရင်လဲ ကျေနပ်တယ်။ သူ့ဘဝ သူ့ဇာတ်ကြောင်းကို တချို့က စာထက်အက္ခရာလဲ တင်ဖူးရဲ့။
ဘာလဲ... သူ့အကြောင်းသိချင်တာလား.. ကျုပ်လဲမသိဘူး။
ကျုပ်သိတာ သူ့ဆီက အသားစအုကျော်တွေ တောင်းစားပြီး အရက်နဲ့ မြည်းဘူးတယ်။ သူနဲ့ စာအကြောင်းပေအကြောင်း စကားတော်တော်များများ ထိုင်ငြငိးဖူးတယ်။ အသစ်ထွက်တဲ့ ခေတ်ပေါ်သီချင်းတစ်ပုဒ်ကို ကြိုက်လွန်းလို့တဲ့...အဲသည်သီချင်းဖွင့်တဲ့ ထီလှည်းတွေနောက် တစ်ကောက်ကောက် လျှောက်လိုက်ရင်း သီချင်းကျက်နေတာကို အမြင်မတော်လို့ အပေါစား အမ်ပီသရီးပလေယာတစ်ခု လက်ဆောင်ပေးဘူးတယ် (မင်းဓာတ်စက်ကလဲ ပထ္ထဝီစားသကွာ..တဲ့)။
ဘာလို့ လမ်းပေါ်လျှောက်သွားနေလဲမေးရင် သူဖြေနေကျစကားက ငါ့အိမ်အမိုးက ကောင်းကင်ကြီးပဲတဲ့။ ငါသွားချင်ရာသွားမယ် နေချင်ရာနေမယ် အိပ်ချင်ရာအိပ်မယ်တဲ့။

ယိုင်လဲတတ်တဲ့ ခုနှစ်ဆယ်နီးပါးခန္တာကိုယ်ကြီးကို ထောက်မဖို့ (သို့) ခွေးခြောက်ဖို့ ဒုတ်ကောက်တစ်ချာင်းနဲ့ အရူးလွယ်အိပ်လို သဗ္ဗနံပေါင်းစုံပါတဲ့ အိတ်ကြီးကိုထမ်းရင်း လမ်းမတကာကို လျှောက်သွားနေတဲ့ ဦးတင်မြင့်

သေပြီ....
ကျုံးထဲမှာ လာပေါ်တဲ့ ပိုင်ရှင်မဲ့အလောင်းအနေနဲ့ သေပြီ။
ဒဏ်ရာဒဏ်ချက်တွေနဲ့ သေပြီ။
ဦးတင်မြင့်ကြီး သေပြီ....

____________________________________
Reference and Credit to -JL Tkg
Posted By Admin Team[https://www.facebook.com/newsofmyanmar]
(email:newsofburma.myanmar@gmail.com)

No comments:

Post a Comment