Monday, August 26, 2013

ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် အကြမ်းဖက်မှုကြောင့် အိမ်ခြေ ၅၀ ခန့် မီးလောင်ကျွမ်းခဲ့ပြီး နောက်တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့အင်အား ၂၀၀ ၀န်းကျင်ဖြင့် လုံခြုံရေး ဆောင်ရွက်နေ Created on Sunday, 25 August 2013 23:19


ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် သြဂုတ် ၂၄ ညနေပိုင်း အချိန်၌ အမျိုးသမီးငယ် တစ်ဦးအား သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်မှုမှတစ်ဆင့် အကြမ်းဖက်မှု ဖြစ်ပွားပြီး အိမ်ခြေ ၅၀ ခန့် မီးရှို့ဖျက်ဆီး ခံခဲ့ရပြီးနောက်တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင် ၂၀၀ ခန့်ဖြင့် လုံခြုံရေး ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

''ကျွန်တော့် တူမလေးက ဇီးပင်သာရွာကနေ ထန်းကုန်းရွာ ဆံပင်ဒိုင်ကို အလုပ်လာလုပ်တာ။ အလုပ်က အပြန်မှာ ထန်းကုန်းရွာ ဒေသခံ အစ္စလာမ် ဘာသာဝင် ကောင်လေး တစ်ယောက်က တူမလေးကို ရွာထိပ်လယ်ကွင်းထဲမှာ သားမယားအဖြစ် ပြုကျင့်ဖို့ လုပ်တယ်။ အဲဒီကောင်လေးကို ရွာသူရွာသားတွေ ၀ိုင်းဖမ်းပြီး ထန်းကုန်း ရဲစခန်းကို ပို့လိုက်တာ'' ဟု အမျိုးသမီးငယ်၏ ဦးလေးက ဆိုသည်။

ပြစ်မှုကျူးလွန်သူအား ထန်းကုန်းစခန်းမှ ကန့်ဘလူစခန်းသို့ တိုက်ရိုက် လွှဲပြောင်း ပေးခဲ့ပြီးနောက် အနီးတစ်ဝိုက်မှ ဒေသခံ ရွာသား ၂၀၀ ခန့်မှာ ထန်းကုန်း ရဲစခန်း အနီးတွင် စုဝေးမှု စတင်ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

''ရွာသား ၂၀၀ လောက် စခန်းရှေ့ကိုလာပြီး တရားခံကို ထုတ်ပေးဖို့ ပြောတယ်။ တရားခံက တောက်လျှောက်ပဲ ကန့်ဘလူစခန်းကို ပို့လိုက်တာ'' ဟု ထန်းကုန်းရဲစခန်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ည ၇ နာရီခန့်တွင် လူစုလူဝေးမှာ ၁၀၀၀ ကျော်ခန့်အထိ များပြားလာပြီးနောက် အစ္စလာမ် ဘာသာဝင်များ၏ ဆိုင်ခန်း ၁၀ ခန်းကျော်နှင့် နေအိမ်များကို စတင်မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

''ဘူတာနားက ဆိုင်ခန်းတွေကို ဖျက်ဆီးတယ်။ ပြီးတော့ရွာနဲ့ လေးဖာလုံလောက် ဝေးတဲ့ ကြက်ခြံကို ည ၈ နာရီ လောက်မှာ မီးစရှို့တော့တာပဲ။ အဲဒီအချိန်မှာ လူအုပ်က ၁၄၀၀ လောက်ရှိတယ်'' ဟု ထန်းကုန်းရွာ ဒေသခံ တစ်ဦးက ဆိုသည်။

အကြမ်းဖက် ဖျက်ဆီးသူများသည် အနီးတစ်ဝိုက်ကျေးရွာ ဒေသခံများ ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်များကို မီးရှို့ခြင်း၊ ဆိုင်ခန်းများကို ဖျက်ဆီးခြင်းများ ကျူးလွန်ခဲ့ကြကြောင်း သိရသည်။

''အိမ်ခြေပေါင်း ၅၀ လောက် ပြာကျသွားတယ်။ ဖျက်ဆီး ခံလိုက်ရတာက ၁၀ လုံးလောက်ရှိမယ်'' ဟု ထန်းကုန်းကျေးရွာ အမှတ် (၁) ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ဆိုသည်။

အကြမ်းဖက် သူများသည် တုတ်၊ ဓား၊ ဂျင်ကလိ၊ လေးခွစသော လက်နက်များကို ကိုင်ဆောင်ထားပြီး ယင်းတို့ တိုက်ခိုက်မှုကြောင့် မီးသတ်၊ ရဲဝန်ထမ်း အချို့နှင့် သံဃာတော်တစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။


''ရွှေဘိုခရိုင် တွင်းကနေ ခေါ်ယူထားတဲ့ ရဲတပ်ဖွဲ့ဝင် အင်အားက အစမှာ ၇၀ လောက်ပဲရှိတယ်။ ၁၀၀၀ ကျော်တဲ့ လူအုပ်ကြီးကို ထိန်းသိမ်းဖို့ အတော်အခက် တွေ့ရတယ်။ မီးရှို့နေတဲ့ အချိန်မှာ မီးသတ်ကားတွေကို ၀င်ခွင့်မပေးဘူး။ ည ၂ နာရီ လောက်မှာတော့ အကြမ်းဖက် သူတွေထဲက ၁၀ ဦးကို ဖမ်းဆီးရမိခဲ့တယ်'' ဟု ရဲအရာရှိ တစ်ဦးက ဆိုသည်။

၈ နာရီဝန်းကျင်တွင် စတင်ခဲ့သော မီးရှို့ဖျက်ဆီးမှုသည် ည ၁ နာရီဝန်းကျင် အချိန်အထိ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် သူများသည် မီးသတ်ပိုက်များကို ဓားဖြင့်ခုတ်ကာ ဖျက်ဆီးခြင်းများလည်း ပြုလုပ်ခဲ့သည်။

''ည ၁ နာရီလောက်မှာ မီးစငြိမ်းမလို့ ရှိသေးတာ။ အဲဒီအချိန်မှာ ဆန်စက်နဲ့ အိမ်တစ်လုံးကို နောက်ထပ် မီးရှို့တယ်။ မီးသတ်ပိုက်တွေကို ရေဖြည့်နေတုန်းမှာ ဓားနဲ့ခုတ်ပြီး ဖျက်ဆီးကြတယ်'' ဟု မီးသတ်ဝန်ထမ်း တစ်ဦးက ပြောကြားသည်။

အကြမ်းဖက်မှုအား လူစုခွဲရန် ည ၁ နာရီခန့်တွင် တစ်ကြိမ်၊ ည ၃ နာရီခန့်တွင် တစ်ကြိမ် ရဲတပ်ဖွဲ့မှ သေနတ်မိုးပေါ် ထောင်ဖောက်ခဲ့ရပြီး ၃ နာရီခွဲ ၀န်းကျင်တွင် အကြမ်းဖက်မှု အခြေအနေ ငြိမ်သက်သွားခဲ့သည်။

''မီးသတ်ကား ၁၀ စင်းနဲ့ ရဲတပ်ဖွဲ့ဝင်အင်အား စုစုပေါင်း ၁၀၀ နီးပါးလောက် အသုံးပြုပြီး ထိန်းသိမ်းခဲ့ရတယ်။ နယ်/လုံဝန်ကြီး အပါအ၀င် ခရိုင်၊ မြို့နယ်ရဲမှူးတွေ လာရောက် ထိန်းသိမ်းခဲ့ပါတယ်။ ဒီကိစ္စမျိုးဟာ ထိန်းသိမ်းရ ခက်ခဲပြီး ကူးစက်ပျံ့နှံ့လွယ်တဲ့ အတွက်ကြောင့် တပ်မတော်ကို အကူအညီတောင်းပြီး ထိန်းသိမ်း သွားမှာပါ'' ဟု တပ်မတော် အရာရှိ တစ်ဦးက ဆိုသည်။

အကြမ်းဖက် ဖျက်ဆီးမှုကြောင့် ဆုံးရှုံးမှု ပမာဏမှာ ကျပ်သိန်းထောင်ချီ ရှိခဲ့ပြီး အိမ်ခြေယာမဲ့ ဖြစ်ရသူများမှာ အကူအညီ လိုအပ်လျက် ရှိကြောင်း၊ ရဲဝန်ထမ်းအင်အား မလုံလောက်မှုနှင့် အကြမ်းဖက်မှုကို ဖြိုခွင်းရန် လက်နက် ကိရိယာ မပြည့်စုံမှုများကြောင့် ထိန်းသိမ်းရန် ခက်ခဲခဲ့ရကြောင်း၊ လက်ရှိတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်အင် အား ၂၀၀ ခန့်က အခြေအနေအား ထိန်းသိမ်းထားကြောင်း၊ ထန်းကုန်း နယ်ဒေသခံများနှင့် အနီးတစ်ဝိုက် မြို့နယ်များရှိ ပြည်သူလူထုမှာ ယခုဖြစ်ရပ်အတွက် စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြောင်း သိရသည်။

ကန့်ဘလူမြို့နယ် ထန်းကုန်း ကျေးရွာရှိ မီးလောင်နေသော အဆောက်အအုံ တစ်ခုအား သြဂုတ် ၂၅ ရက် နံနက် ၁ နာရီခန့်က တွေ့ရစဉ်

Eleven Media Group

No comments:

Post a Comment