Monday, August 12, 2013

သီလဝါ ဥက္ကဋ္ဌရာထူး လာမည့်သီတင်းပတ် သိရမည် ရန်ကုန်၊ သြဂုတ် ၁၁

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌအဖြစ် ပြောင်းလဲ တာဝန်ပေးခံရသဖြင့် သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း ဖော်ဆောင်ရေး ကော်မရှင် ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူမည်၊ မယူမည်ကို လာမည့် ရက်သတ္တတစ်ပတ်တွင် သိနိုင်မည် ဖြစ်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

သီလဝါ စီမံကိန်းကြောင့် ထိခိုက်နစ်နာသူများကို လျော်ကြေးပေးရန် ယင်းစီမံကိန်း ဖော်ဆောင်ရေး ကော်မရှင်ဥက္ကဋ္ဌက ကတိပြုထားသည့်အတွက် ဥက္ကဋ္ဌ အပြောင်းအလဲ ဖြစ်လာပါက ကတိပေးထားချက်များကို အမှန်တကယ် လုပ်ပေးခြင်းရှိ၊ မရှိ သေချာစွာ သိလိုကြောင်း ကော်မရှင် ဥက္ကဋ္ဌထံသို့ အိတ်ဖွင့်ပေးစာ ပေးထား ကြောင်း သီလဝါ ဒေသခံ ကိုယ်စားလှယ်တစ်ဦးက ပြောဆိုသည်။

ယင်းစီမံကိန်းကြောင့် ထိခိုက်နစ်နာသည့် ဒေသခံများကို လျော်ကြေး ထောက်ပံ့ပေးရန် အဓိကဆောင်ရွက်ရမည့်သူမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သာ ဖြစ်ပြီး နိုင်ငံတကာစံနှုန်းနှင့်အညီ လျော်ကြေး တွက်ချက်ကာ ထောက်ပံ့ပေးနိုင်ရန် ကူညီဆောင်ရွက်ပေးခြင်းသာ ဖြစ်ကြောင်း ဦးဆက်အောင်က ရှင်းပြသည်။

“သီလဝါ စီမံကိန်း ဖော်ဆောင်ရေး ဥက္ကဋ္ဌအဖြစ် ဆက်လုပ်ရမလားဆိုတာက အခုချိန်ထိ မသိသေးရသေးဘူး။ လာမယ့် တစ်ပတ်အတွင်းတော့ သိရမှာပါ” ဟု ၎င်းကဆိုသည်။

ထောက်ပံ့လျော်ကြေးပေးမည်ဟု အာမခံ ကတိပြုထားသော်လည်း ယခုအချိန်ထိ တိကျသေချာသော ပမာဏ၊ ပုံစံကို မသိရသေးကြောင်း သီလဝါဒေသခံ ဦးမြင့်လှိုင်က ဆိုသည်။

ပြည့်စုံခိုင်မာသော အချက်အလက်မရှိဘဲ လျော်ကြေးပေးရန် မဖြစ်နိုင်သည့်အတွက် ဘက်ပေါင်းစုံမှ အချက်အလက် စုဆောင်းမှုကို ပြုလုပ်ခဲ့ရပြီး ယခုအခါ အချက်အလက် စုဆောင်းမှုပြီးစီး၍ လျော်ကြေး တွက်ချက်မှု ပြုလုပ်နေပြီ ဖြစ်ကာ လာမည့်ရက်သတ္တတစ်ပတ်အတွင်း ဒေသခံများအပြင် ဒေသခံများ အဆိုပြုသော အစိုးရမဟုတ်သော အဖွဲ့တစ်ခုပါ ပါဝင်ဆွေးနွေးစေမည် ဖြစ်ကြောင်း ဦးဆက်အောင်က ပြောကြားသည်။

နိုင်ငံတကာစံနှုန်းများနှင့်အညီ လျော်ကြေးတွက်ချက် ပေးသွားရန် ကတိပြုထားသော်လည်း ဒေသခံအချို့၏ မျှော်မှန်းချက်သည် နိုင်ငံတကာ စံနှုန်းအထက်ကို ကျော်လွန်နေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

No comments:

Post a Comment