Thursday, August 8, 2013

စတုတ္ထမြောက် တန်ဖိုးနည်း ဖုန်းခွဲတမ်း သုံးဆခန့် လျှော့ရ ပြည်၊ သြဂုတ် ၈ The Voice Weekly

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့နယ်တွင် စတုတ္ထအကြိမ်ခွဲတမ်း ချထားပေးမည့် တန်ဖိုးနည်း ဖုန်းခွဲတမ်းမှာ တတိယအကြိမ် ခွဲတမ်းထက် သုံးဆခန့် လျော့နည်းကြောင်း သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများထံမှ စုံစမ်းသိရှိရသည်။

တတိယအကြိမ်တွင် တန်ဖိုးနည်း ဖုန်းကတ် ၂၅၀၀ ရရှိခဲ့ပြီး ယခုအကြိမ်တွင် GSM ကတ် ၃၅၀ ပါဝင်သော ဖုန်းကတ် ၈၀၉ ကတ်ကို ပြည်မြို့နယ်အတွင်းရှိ ရပ်ကွက် ၁၀ ခုနှင့် ကျေးရွာ ၅၀ တို့အတွက် ခွဲတမ်းချထားပေးခဲ့ပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် နီးစပ်သော အသိုင်းအဝိုင်းထံမှ သိရသည်။

ဖုန်းတာဝါတိုင်တစ်ခု၏ လိုင်းသုံးနိုင်အား Capacity အရ ပြည်မြို့တွင်MEC ဖုန်းကတ် ချထားပေးသော သုံးကြိမ်ပေါင်းသည် ဖုန်းအလုံးရေ ၃၀၀၀ ကျော်ရှိပြီဖြစ်၍ တိုင်၏ သတ်မှတ်ထားသည့် Capacity ကျော်ပြီ ဖြစ်သောကြောင့် ယခုအကြိမ်တွင် လျော့နည်းခြင်း ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ဆက်သွယ်ရေး တိုင်းမန်နေဂျာရုံး လက်ထောက်မန်နေဂျာက ပြောကြားသည်။

ယခင်အကြိမ်က ဖုန်းကတ် ၃၀ ခန့် ရရှိခဲ့သော်လည်း ယခုတွင် GSM နှစ်ကတ်၊ CDMA ရှစ်ကတ် ပေါင်း ၁၀ ကတ်သာ ရရှိထားကြောင်း၊ လက်ရှိ ဖုန်းကတ်လျှောက်ထားသူပေါင်းမှာ ၃၅၀ ကျော် ရှိကြောင်း မြို့ပေါ် ရပ်ကွက်ကြီး ၁၀ ခုတွင် ဖုန်းကတ် ခွဲတမ်း အနည်းဆုံး ရရှိခဲ့သည့် ရွှေကူ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိတွင် ဖုန်းကတ် ၂၅ ကတ် ခွဲတမ်းရရှိခဲ့သည့် ဆင်စုရပ်ကွက်တွင် လျှောက်ထားသူ ၁၃၀၀ ကျော်ရှိပြီး ခွဲတမ်းနည်းသောကြောင့် မဲနှိုက်ရာတွင် အဆင်မပြေ ဖြစ်မည်ကို စိုးရိမ်နေရကြောင်း ယခင်အကြိမ်က ၁၀၅ ကတ် ခွဲတမ်းရရှိခဲ့သော ဆင်စုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးက ဆိုသည်။

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) အတွက် စတုတ္ထအကြိမ် ဖုန်းကတ်ခွဲတမ်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ခွဲတမ်းချထားပေးသော GSM ဖုန်းကတ် ၂၀၀၀ ကျော် ပါဝင်ပြီး MECtel CDMA 800 MHz ဖုန်းကတ် ၉၀၀၀ ကျော် ခွဲဝေချထားပေးခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) တိုင်းဆက်သွယ်ရေး မန်နေဂျာရုံးထံမှ စုံစမ်းသိရှိရသည်။

No comments:

Post a Comment