Tuesday, August 13, 2013

ဓာတ်အား မလုံလောက်မှုကြောင့် မီးပြတ်တောက်ခြင်း မဟုတ်ဟု တိုင်း လျှပ်စစ်အဖွဲ့ဆို ရန်ကုန်၊ သြဂုတ် ၁၂ The Voice Weekly

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် သြဂုတ်လအတွင်း မကြာခဏ လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်နေခြင်းမှာ လျှပ်စစ် ဓာတ်အား မလုံလောက်မှုကြောင့် မဟုတ်ဘဲ ရာသီဥတုကြောင့် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးတိုးအောင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့ လျှပ်စစ်မီး ပြတ်တောက်ရခြင်း ၏ အဓိက အကြောင်းအရင်းမှာ မိုးတွင်းကာလ ဖြစ်သောကြောင့် ဓာတ်ကြိုး ပြတ်တောက်မှုများ၊ ဖျူးစ် ပြတ်တောက်မှုများ၊ မိုးရေကြောင့် ထရန်စဖော်မာ လောင်ကျွမ်းမှုများ မကြာခဏ ဖြစ်ပေါ်မှုကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“မီးပေးနိုင်တဲ့ ဓာတ်အား ပမာဏကတော့ အလုံအလောက် ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန် အချို့တွင်လည်း သြဂုတ်လ ၈ ရက်နေ့က စတင်၍ လျှပ်စစ်ဓာတ်အား မကြာခဏ ပြတ်တောက်မှု များ ဖြစ်ပေါ်လျက် ရှိကြောင်း ရွှေပြည်သာ စက်မှုဇုန် အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးစိုးလွင်က ပြောကြားသည်။

“အရင်ကတော့ မီးက မှန်တယ်။ အခုတော့ ပျက်လိုက် လာလိုက်ပဲ။ တစ်ခါပျက်ရင် တစ်နာရီလောက် ကြာတယ်” ဟု ၎င်းက ဆိုသည်။

တစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရာတွင် ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ ၁၈ ရုံ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ တစ်ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ ၁၀ ရုံ စုစုပေါင်း ၂၉ ရုံ ရှိပြီး မိုးရာသီတွင် ဓာတ်အားအများဆုံး ၁၂၇၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ စာရင်းအရ သိရသည်။

No comments:

Post a Comment