Saturday, August 17, 2013

မိုင်းနောင်မြို့အနီးတွင် တောင်ကြီး-မိုင်းရှူးခရီးသည်တင်ယာဉ်များအား ဓားပြတိုက်မှုဖြစ်ပွား 17.8.2013


ရှမ်းပြည်နယ် မိုင်းနောင်မြို့ သဲတောင်အနီးတွင် သြဂုတ်လ (၁၅) ရက်နေ့ညနေပိုင်းက တောင်ကြီး-မိုင်းရှူးပြေးဆွဲနေသော ခရီးသည်ယာဉ် (၃) စီးအား တူမီးသေနတ်ကိုင်ဆောင်ထားသည့် လူတစ်စုမှ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း ရိုးမချယ်ရီယာဉ်လိုင်းရှိ ကားမောင်းသမားတစ်ဦးထံမှ သိရသည်။

ရိုးမချယ်ရီယာဉ်လိုင်းမှယာဉ်မောင်း ဦးညီဝင်းထွန်း၊ ရှမ်းတံခွန်ယာဉ်လိုင်းမှယာဉ်မောင်း ဦးချစ်ခိုင်၊ ရွှေကျားဖြူယာဉ်လိုင်းမှယာဉ်မောင်း အိုက်နောင်တို့အသီးသီး မောင်းနှင်လာသော ခရီးသည် တင်ယာဉ်များအား သြဂုတ်လ (၁၅) ရက်နေ့ညနေပိုင်းတွင် မိုင်းနောင်-လဲချား ကားလမ်းပေါ်ရှိ ဒေသအခေါ် (S ကွေ့) အနီးတွင် တူမီးသေနတ် (၃) လက်နှင့် ဓားရှည် (၁) လက် ကိုင်ဆောင်ထား သော လူတစ်စုမှ ဓားပြတိုက်ခဲ့ကြသည်။

ခရီးသည်တစ်ဦး၏ ပြောချက်အရ“ ဓားပြတွေလက်ထဲမှာ တူမီးသေနတ်(၃)လက်နဲ့ ဓားရှည် (၁) လက်ကိုင်ထားတာတွေ့ရတယ်၊ ကားတွေကိုသေနတ်နဲ့ချိန်ပြီး တောထဲကို မောင်းခိုင်းတယ်၊ တောထဲ ရောက်တော့ ယာဉ်မောင်းနဲ့ ခရီးသည်တွေဆီက ပါတဲ့ပိုက်ဆံတွေနဲ့ လက်ဝတ်လက်စား တွေကို ချွတ်ယူပါတယ်၊ သူတို့တွေမျက်နှာတွေမှာ သနပ်ခါးတွေအထူကြီးလိမ်းထားပြီး ရှမ်းအင်္ကျီနဲ့ ရှမ်း ဘောင်းဘီ တွေဝတ်ထားတယ်၊ စုစုပေါင်း (၅) ယောက်ပါ၊ ၁ နာရီလောက်ကြာတော့ ယာဉ်မောင်းနဲ့ ခရီးသည်တွေကို ပြန်လွှတ်လိုက်ပါတယ်” ဟု ပြောပြခဲ့ပါသည်။

မိုင်းရှူးမြို့ရှိ ဓားပြတိုက်ခံရသော ကားဂိတ်များထံမှ ပြောပြချက်များအရ ရိုးမချယ်ရီယာဉ်လိုင်း ကားထံမှ ငွေ (၃)သိန်းခန့်၊ ရှမ်းတံခွန်ယာဉ်လိုင်း ကားထံမှ (၁၅၀၀၀၀)ကျပ်ခန့်နှင့် ရွှေကျားဖြူ ယာဉ်လိုင်းကားထံမှ (၁၀)သိန်းခန့်အပါအ၀င် လက်ဝတ်လက်စားများ ဓားပြများထံသို့ ပါသွား ကြောင်းသိရသည်။ ရှမ်းပြည်နယ်အတွင်း ယခုကဲ့သို့ တူမီးသေနတ်များကိုင်ဆောင်ပြီး ဓားပြတိုက် နေသည့်အဖွဲ့များ မကြာခဏပေါ်ပေါက်နေကြောင်းနှင့် လုံခြုံရေးအားနည်းသည့် နေရာများတွင် အဖြစ်များကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ကြီး-မိုင်းရှူးပြေးဆွဲနေသော ခရီးသည်ယာဉ်များပုံ


Shan News

No comments:

Post a Comment