Sunday, August 4, 2013

မြန်မာသတ္တမတန်း ကျောင်းသူတစ်ဦး မစ်ဆူဘီရှီ ပန်းချီဆုရရှိ 4.8.2013

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ အ.လ.က (၁) ဒဂုံမှ သတ္တမတန်း ကျောင်းသူ မခင်သဇင်ညွန့်သည် Mitsubishi Asia Child’s Enikki Festa 2012-2013 ၏ Grand Prize ဆုကို ရရှိခဲ့ကြောင်း အဆိုပါကျောင်းနှင့် ပညာရေး အသိုင်းအဝိုင်းအတွင်းမှ သိရှိရသည်။

မခင်သဇင်ညွန့်သည် ပြည်တွင်း ပြည်ပပြိုင်ပွဲ ၆၀ ကျော်တွင် ပန်းချီဆုများ ရရှိထားပြီး ယခုပြိုင်ပွဲအတွက် ၂၀၁၂ ခုနှစ် အတွင်းက ပန်းချီကားပေးပို့ ယှဉ်ပြိုင်ခဲ့ရာ နိုင်ငံ ၂၄ နိုင်ငံမှ ဆုရရှိသူ ကလေးငယ်များနှင့်အတူ ဂျပန်နိုင်ငံ ကိုဘေးမြို့သို့ သွားရောက် ဆုယူနေကြောင်း အဒေါ်ဖြစ်သူက ပြောကြားသည်။

၂ နှစ်တစ်ကြိမ် ကျင်းပသည့် ယင်းပြိုင်ပွဲကို အသက် ၁၂ နှစ်အောက် ကျောင်းသူ၊ ကျောင်းသားများ၏ ပန်းချီကားများပေးပို့ ဝင်ရောက် ယှဉ်ပြိုင်ရပြီး ဒဂုံ အ.လ.က (၁) မှ ငါးဦးယှဉ်ပြိုင်ရာ ခင်သဇင်ညွန့်က ရွေးချယ်ခံရကာ ပြည်ပအထိ သွားခွင့်ရခြင်း ဖြစ်ကြောင်း ယင်းကျောင်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်စောယုဝေက ပြောကြားသည်။

ယင်းပြိုင်ပွဲသည် မြို့နယ်တိုင်းဒေသကြီး အဆင့်ဆင့် ပြိုင်ရသည့် ပွဲမျိုးမဟုတ်ဘဲ ကျောင်းသားများ ဆွဲထားသည့် ပန်းချီကားများကို နောက်ဆုံး သတ်မှတ်ရက်အမီ သက်ဆိုင်ရာသို့ ပို့ပေးရခြင်း ဖြစ်ကြောင်း၊ ဒဂုံမြို့နယ် အနေနှင့်ဆိုလျှင် အမှတ် (၃) အခြေခံပညာ ဦးစီးဌာနသို့ ပို့ပေးရကြောင်း ပြိုင်ပွဲပုံစံနှင့် ပတ်သက်၍ ဆရာမကြီးက ဆက်လက်ရှင်းပြသည်။

မခင်သဇင်ညွန့်နှင့် ဆရာမတစ်ဦးသည် အဆိုပါဆုယူရန် ဇူလိုင်လ ၃၁ ရက်နေ့က မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ပြီး သြဂုတ်လ ၄ ရက်တွင် ပြန်လည် ရောက်ရှိမည် ဖြစ်သည်။

Mitsubishi Asia Child’s Enikki Festa ကို ၁၉၉၀ ပြည့်နှစ်က စတင်ကျင်းပခဲ့ပြီး အာရှပစိဖိတ်နှင့် UNESCO အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေသည့် အစီအစဉ်လည်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment