မြန်မာသီချင်းခွေများကို
ဖြန့်ချိရာတွင် ပိုမိုထိရောက်သော နည်းလမ်းများကို အသုံးပြုပြီး
ဖြန့်ချိနိုင်ရန်အတွက် နည်းလမ်းရှာဖွေမည့် ဆွေးနွေးပွဲတစ်ခုကို သြဂုတ်လ ၂၀
ရက် မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံ ဂီတအစည်းအရုံး၌ ပြုလုပ်သွားမည်
ဖြစ်ကြောင်း ဂီတအစည်းအရုံး အတွင်းရေးမှူး တေးသံရှင် ဖြူဖြူကျော်သိန်းက The
Voice သို့ ပြောသည်။
အဆိုပါ
ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး “အဓိကကတော့ တရားဝင် ဖြန့်ချိထားတဲ့
မြန်မာသီချင်းခွေတွေကို ဝယ်ချင်ရဲ့သားနဲ့ ကိုယ်နဲ့ လက်လှမ်းမီတဲ့နေရာမှာ
ခွေမရှိလို့ မဝယ်ရတဲ့ ကျိုင်းတုံ၊ တာချီလိတ်၊ မြစ်ကြီးနားတို့လို
ဝေးလံတဲ့ဒေသတွေအထိ ဖြန့်ဖြူးနိုင်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာ စဉ်းစားကြမယ်။
နောက်တစ်ခုက ခိုးကူးမြန်မာသီချင်းခွေတွေ၊ နိုင်ငံခြား ဇာတ်ကားတွေကို
Network အကြီးကြီးနဲ့ ဖြန့်ဖြူးခဲ့တဲ့သူတွေကလည်း မြန်မာသီချင်းခွေတွေကို
တရားဝင် ဖြန့်ဖြူးခွင့်ရချင်ပါတယ်လို့ ဖြူဖြူတို့ကို ကမ်းလှမ်းထားတာ
ရှိတယ်။ ဖြူဖြူတို့အားလုံး စုပေါင်းပြီး အကောင်းဆုံး ဖြစ်နိုင်မယ့်
နည်းလမ်းတွေကို စဉ်းစားကြမယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။
မြန်မာသီချင်းခွေများကို ထိရောက်စွာ ဖြန့်ချိနိုင်ရန်အတွက် ဂီတလောကတွင်
နှစ်ပေါင်းများစွာ ကျင်လည်နေသော အတွေ့အကြုံ ရင့်ကျက်သည့်
ထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်းရှင်များ၊ သီချင်းခွေများကို
ကိုယ်တိုင်ထုတ်လုပ် ဖြန့်ချိနေသော အနုပညာရှင်များ၏ အကြံဉာဏ်များကိုလည်း
ရယူလိုကြောင်း တေးသံရှင် ဖြူဖြူကျော်သိန်းက ဆိုသည်။
မြန်မာသီချင်းခွေ ဖြန့်ချိရေးစနစ်နှင့် ပတ်သက်ပြီး တေးသံရှင်နန္ဒစိုင်းက
“စိုင်းစိုင်း live Show ခွေ အရမ်းပေါက်တဲ့ အချိန်တုန်းက မူဆယ်ဘက်မှာ
မူရင်းခွေအစစ်ကို မမြင်ဖူးဘူးလို့ ပြောကြတဲ့ ပရိသတ်တွေနဲ့ ကြုံဖူးတယ်။
ကျွန်တော်တို့ အဆိုတော်တွေရဲ့ ဆန္ဒကတော့ မြို့တစ်မြို့မှာ ကိုယ့်ရဲ့
မူရင်းခွေကို အားပေးမယ့် ပရိသတ်တစ်ယောက်ပဲ ရှိရင်တောင်
သူတကယ်လိုချင်တဲ့ခွေကို ရစေချင်တယ်။ ဖြန့်ချိရေးစနစ်နဲ့ ပတ်သက်ပြီး
ဂီတအစည်းအရုံးက အကောင်းဆုံး နည်းလမ်းရှာနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု
သူ၏အမြင်ကို ဖွင့်ဟသည်။
No comments:
Post a Comment