Monday, August 19, 2013

ပိုလန်မှ ဒါရိုက်တာနှစ်ဦး Documentary သင်တန်းပေးမည် မိုးသူ | တနင်္လာနေ့၊ သြဂုတ်လ ၁၉ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၄၉ မိနစ်

ပထမအကြိမ်ပို့ချမည့် Solidarity Shorts International Film Workshops မှ ရုပ်ရှင်တီထွင်ဖန်တီးခြင်းနှင့် ပတ်သက်သည့် သင်တန်းကို စက်တင်ဘာလအတွင်း ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း ယင်းသင်တန်းမှ မရွှန်းလဲ့ဆွေရည်က မဇ္ဈိမသို့ ပြောကြားလိုက်သည်။ ယင်းသင်တန်းသို့ ပိုလန်နိုင်ငံမှ ရုပ်ရှင်ဖန်တီးသူ ဒါရိုက်တာ Jan Czarlewski နှင့် Piotr Stasik တို့က လာရောက်ပို့ချကြမည်ဖြစ်ပြီး စက်တင်ဘာ ၂ ရက်မှ ၇ ရက်အထိ ရန်ကုန်မြို့၌ ကျင်းပရန်စီစဉ်နေကြောင်း ၎င်းက ဆိုသည်။

အဆိုပါသင်တန်းတွင် Documentary နှင့်ပတ်သက်သည့် အကြောင်းအရာများအပြင် ဇာတ်လမ်းများနှင့် ပတ်သက်သည့် ဇာတ်ညွှန်းရေးသားခြင်း၊ ရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်း စသည်တို့ကို ဆွေးနွေးသည့် ပုံစံဖြင့် ပို့ချမည်ဖြစ်ကာ လက်တွေ့လုပ်ဆောင်ရမည့် အစီအစဉ်ပါ ထည့်သွင်းလုပ်ဆောင်မည် ဖြစ်သည်။

“ကျွန်မတို့ ဒီသင်တန်းမှာ လာလျှောက်တဲ့ လူက ပညာအရည်အချင်းတော့ မကန့်သတ်ထားဘူး။ ဒါပေမဲ့ ဒါရိုက်တာ အလုပ်ကို စိတ်ဝင်စားရမယ်။ ဘာသာစကားအတွက်လည်း စိတ်ပူစရာ မလိုပါဘူး။ စကားပြန် ထားထားမှာပါ။ ကျွန်မတို့ဆီမှာ မနှစ်တုန်းကတော့ သတင်းစာပညာနဲ့ ပတ်သက်တဲ့ သင်တန်းတစ်ခု လုပ်သွား ပါတယ်။ ဒီနှစ်ထဲက ဇွန်လမှာ New media နဲ့ ပတ်သက်တဲ့ သင်တန်းတစ်ခု ပေးသွားပါတယ်။

အဲဒီတုန်းက သင်တာကလည်း ပိုလန်နိုင်ငံသားတွေပါပဲ။ အခုလိုမျိုး ဒါရိုက်တာနဲ့ပတ်သက်တဲ့ သင်တန်း လာပေးတာ က ဒါက ပထမဦးဆုံး အကြိမ်ပါပဲ” ဟု မရွှန်းလဲ့ဆွေရည်က ဆိုသည်။

သင်တန်းတွင် လူဦးရေ ၁၂ ဦးသာ တက်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး ဒါရိုက်တာ တစ်ဦးစီတွင် သင်တန်းသား ခြောက်ဦးစီ ခွဲခြားကာ သင်တန်းပို့ချပေးမည် ဖြစ်သည်။ တက်ရောက်ခွင့် ရသူများကို စက်တင်ဘာ ၁ ရက် တွင် စတင်ပို့ချမည် ဖြစ်သည်။


Mizzima - News in Burmese

No comments:

Post a Comment