Tuesday, August 20, 2013

အရက်၊ စီးကရက် စသည့်တားမြစ် ကုန်စည်များ တရားမ၀င် တင်သွင်းမှု များပြားနေပြီး နိုင်ငံအတွက် အခွန်ဆုံးရှုံးသည့် အတွက် တရားဝင် တင်သွင်းခွင့်ရရန် အစိုးရအဖွဲ့သို့ တင်ပြ Tuesday, August 20, 2013


အရက်၊ ဘီယာ၊ ၀ိုင်၊ စီးကရက် စသည့် တားမြစ် ကုန်စည်များအား ပြည်တွင်းသို့ တရားမ၀င် တင်သွင်းနေမှု များကြောင့် နိုင်ငံအတွက် ရရှိမည့် အခွန်ငွေများ နစ်နာဆုံးရှုံး နေသည့်အပြင် လူငယ်များအကြား အရက်သောက်သုံးမှုနှုန်း မြင့်မားလာသဖြင့် တရားဝင် တင်သွင်းခွင့်ပြုရန် အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက Eleven Media Group ၏ မေးမြန်းမှုအား ဖြေကြားသည်။

အရက်၊ ဘီယာ၊ ၀ိုင်၊ စီးကရက် စသည့် ကုန်စည်များအား တားမြစ်ကုန်စည် အဖြစ် နိုင်ငံတော်မှ သတ်မှတ်ထားပြီး ပြည်တွင်း ခရီးသွာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်အတွက် အရက်၊ ဘီယာ၊ ၀ိုင်စသည့် ယမကာမျိုးစုံအား အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၂ သန်းဖိုးသာ တရားဝင် ခွင့်ပြုခဲ့ပြီး ထိုသို့ ခွင့်ပြုထားသည့် ယမကာမျိုးစုံအား ဟိုတယ်များနှင့် Duty Free Shop များတွင်သာ ရောင်းချခွင့်ရှိကြောင်း သိရသည်။

''အရက်၊ ဘီယာ၊ ၀ိုင်၊ စီးကရက် စတဲ့ တားမြစ်ကုန်စည်တွေကို ကျွန်တော်တို့ အနေနဲ့ တရားဝင် ခွင့်ပြုချက်ပေးတာ မရှိဘူး။ မြန်မာနိုင်ငံမှာ တရားမ၀င် တင်သွင်းလာတဲ့ ယမကာမျိုးစုံနဲ့ စီးကရက်တွေ ဘယ်လောက်အထိ များနေလည်းဆိုတာ မြန်မာနိုင်ငံ တစ်ဝန်းမှာရှိတဲ့ စူပါမားကတ်တွေ၊ အရောင်းဆိုင်တွေ၊ အရက်ဆိုင်တွေမှာရှိတဲ့ ပမာဏကို ကြည့်ရင် သိနိုင်ပါတယ်'' ဟု ဦးတင်ရဲဝင်းက ဆိုသည်။

တရားမ၀င် တင်သွင်းမှု များပြားနေသဖြင့် လူငယ်များအကြား အရက်သောက်သုံးမှု များပြားနေပြီး အခွန်ကောက်ခံမှုနှုန်းထား နည်းပါးနေသည့် အတွက် ပြည်တွင်း ဈေးကွက်အတွင်း အရက်၊ ဘီယာ၊ ၀ိုင်များအား ကျပ် ၃၀၀ ၀န်းကျင်မှ ကျပ် ၁၀၀၀ ၀န်းကျင် အတွင်းသာ ဈေးနှုန်းရှိနေကြောင်း သိရသည်။

အဆိုပါ ပမာဏမှာ လူငယ်များအတွက် အလွယ်တကူ ၀ယ်ယူသောက်သုံး နိုင်သည့် အနေအထားတွင် ရှိနေပြီး အရက်မျိုးစုံနှင့် စီးကရက် မျိုးစုံအား ဈေးဆိုင်များ၊ စူပါမားကတ်များတွင်ပါ အလွယ်တကူ ၀ယ်ယူရရှိ နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အရက်သောက်သုံးမှု နှုန်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁၉ ရာခိုင်နှုန်း အထိရှိနေပြီး အမျိုးသားများတွင် ၄၅ ရာခိုင်နှုန်း၊ အမျိုးသမီးများတွင် သုံးရာခိုင်နှုန်းနှင့် တစ်နေ့လျှင် ငါးကြိမ်အထက် အရက်သောက်သုံးမှုနှုန်းမှာ အမျိုးသားများတွင် ၂၅ ရာခိုင်နှုန်းနှင့် အမျိုးသမီးများတွင် ၂ ဒသမ ၉ ရာခိုင်နှုန်းအထိ ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အမျိုးသားများ၏ အရက်သောက်သုံးမှုနှုန်းမှာ ၃၁ ရာခိုင်နှုန်းနှင့် အမျိုးသမီးများ၏ ရာခိုင်နှုန်းမှာ ၁ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိနေကြောင်း သိရသည်။

အထက်ပါ သုတေသန စစ်တမ်းအား (၄၁) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံတွင် တင်သွင်း ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၅၀ မှ အသက် ၁၅ နှစ်မှ ၆၄ နှစ်အတွင်းရှိ အမျိုးသား၊ အမျိုးသမီး ၇၄၂၉ ဦးအား သုတေသန ပြုခဲ့ခြင်းဖြစ်ပြီး ထိုသို့ သောက်စားမှု နှုန်းထားကြောင့် အသည်းခြောက်ခြင်း၊ ခိုက်ရန်ဖြစ်ပွား၍ အသက်သေဆုံးခြင်း၊ ယာဉ်တိုက်မှုဖြင့် အသက်သေဆုံးခြင်းများ ဖြစ်ပေါ် နေကြောင်းလည်း သိရသည်။

''အရက်မျိုးစုံနဲ့စီးကရက်ကို ပြည်တွင်း သောက်သုံးမှု နည်းစေချင်ရင် အခွန်နှုန်း မြှင့်ထားပြီး၊ သောက်သုံးမှု များများနဲ့ တင်သွင်းစေချင်ရင် အခွန်နှုန်း နှိမ့်ထားကြတာပဲလေ။ ကျွန်တော်တို့ အနေနဲ့ နိုင်ငံနစ်နာမှု အတွက်ရော လူငယ်တွေ သောက်သုံးမှု အတွက်ပါ အဘက်ဘက်က အားနည်းချက်တွေ ရှိနေလို့ တရားဝင် တင်သွင်းဖို့ အစိုးရအဖွဲ့ကို တင်ပြထားပါတယ်'' ဟု ဦးတင်ရဲဝင်းက ဆက်လက် ပြောကြားသည်။

အရက်၊ ဘီယာ၊ ၀ိုင်၊ စီးကရက် စသည့် တားမြစ်ကုန်စည်များအား ပြည်တွင်း၌ တရားမ၀င် တင်သွင်းရောင်းချ နေမှုများအား စစ်ဆေး အရေးယူနိုင်ရန် ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ အဓိက တင်သွင်းဖြန့်ဖြူးနေသည့် လက်ကားဒိုင် ၂၀ စီအား စာရင်း ကောက်ယူထားပြီး အစိုးရအဖွဲ့ ညွှန်ကြားချိန်တွင် ဖမ်းဆီးအရေးယူမည် ဖြစ်ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ သိရသည်။

Mobile Team အဖွဲ့မှ သိမ်းဆည်းထားသည့် ဘီယာနှင့် အရက်များအား ၀ါးတန်းဆိပ်ကမ်းတွင် တွေ့ရစဉ်

Eleven Media Group

No comments:

Post a Comment