Friday, August 23, 2013

အီလက်ထရောနစ် ဥပဒေ ပြင်ဆင်ရေး ဆွေးနွေးရန် ကန့်ကွက်သူမရှိ လွှတ်တော် ထောက်ခံ ရန်ကုန် ၊သြဂုတ် ၂၁ The Voice Weekly

တပ်မတော် အစိုးရ လက်ထက်က နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို ဖမ်းဆီး နှိပ်ကွပ်ရန် လက်နှက်တစ်ခုသဖွယ် အသုံးပြုခဲ့သည်ဟု ဝေဖန်ခံထား ရသည့် အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင် ရန် ဥပဒေကြမ်းအား ဆွေးနွေးရေးအတွက် ပြည်သူ့လွှတ်တော်က ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ က ပြောကြားသည်။

သြဂုတ်လ ၂၁ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်က လက်ခံ ဆွေးနွေးပေးရန် သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အဆို တင်သွင်းခဲ့ပြီး အဆိုပါ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံ ဆွေးနွေးရန် လွှတ်တော် ကိုယ်စားလှယ်များက သဘောတူခဲ့ခြင်း ဖြစ်သည်။

ယခင် အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေတွင် ပါရှိသော ပြစ်ဒဏ်ဆိုင်ရာ ပုဒ်မကို ဥပဒေကြမ်းတွင် လျှော့ပေါ့ ပေး ထားကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဆိုသည်။

“အရင် ဥပဒေဟောင်းမှာ ခုနစ်နှစ်ကနေ ၁၅ နှစ်အထိ ပြစ်ဒဏ် ချမှတ်နိုင် တယ်၊ ဥပဒေကြမ်းမှာ သုံးနှစ်ကနေ ခုနစ်နှစ် အထိပဲ ထောင်ဒဏ် ချမှတ်နိုင် တယ်လို့ ပြင်ဆင်ထားပါတယ်” ဟု ဦးသိန်းညွန့်က ဆိုသည်။

တပ်မတော် အစိုးရ လက်ထက်က ရေးဆွဲထားသော အီလက်ထရောနစ် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေကို ပြန်လည် ပြင်ဆင် ရန် ထောက်ခံကြောင်း ညောင်ရွှေ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဆွေက ဆိုသည်။

“ဒီမိုကရေစီ သွားနေတဲ့ ခေတ်မှာ အင်တာနက် အီးမေးသုံးလို့ ထောင်ချနိုင် တယ်ဆိုတာ ရယ်စရာကြီး ဖြစ်နေတယ်” ဟု အီလက်ထရောနစ် ဥပဒေဖြင့် နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံရသူ ဦးဇော်သက်ထွေးက ပြောကြား သည်။

ယင်းဥပဒေတွင် ပြစ်မှု ပြစ်ဒဏ်များကို ငွေဒဏ်သို့မဟုတ် ထောင်ဒဏ် ခြောက်လအဖြစ်သာ ထားရှိသင့်ကြောင်း ၎င်းက အကြံပြုသည်။

တပ်မတော် အစိုးရ လက်ထက်တွင် နိုင်ငံရေးသမားများ၊ သတင်းစာဆရာ များနှင့်၊ အင်တာနက် ဝက်ဘ်ဆိုက်များတွင် အစိုးရကို ဝေဖန် ရေးသားသူ များကို အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေဖြင့် နှစ်ရှည် ထောင်ဒဏ် ချမှတ်ခဲ့သည်။

အဆိုပါ ဥပဒေကို တပ်မတော် အစိုးရက မြန်မာနိုင်ငံတွင် အင်တာနက် တွင်တွင်ကျယ်ကျယ် အသုံးပြုလာသည့် ၂၀၀၄ ခုနှစ်တွင် ရေးဆွဲ ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment