Wednesday, August 7, 2013

ကားအမြန်နှုန်းတိုင်းစက် ရန်ကုန်တွင် တပ်ဆင်မည် 7/Aug/2013

သတ်မှတ်အမြန်နှုန်းအတိုင်း မောင်းနှင်ခြင်း ရှိ မရှိ တိုင်းတာစစ်ဆေးသည့် စက်များကို ရန်ကုန်နယ်နိမိတ်အတွင်း တပ်ဆင်သွားရန်ရှိကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးက ဆိုသည်။ တစ်နိုင်ငံလုံးတွင် ယာဉ်စီးရေ အများဆုံးရှိပြီး ယာဉ်မတော်တဆ အများဆုံးဖြစ်နေသော စာရင်းတွင် ပါဝင်နေသည့် ရန်ကုန်၌ ဖြစ်စဉ်များ လျော့ကျသွားရန်အတွက် ဖြစ်သည်ဟု ရဲမှူးကြီးက ပြောသည်။ “ဘဏ္ဍာရေးအရ ခွင့်ပြုထားပြီးတဲ့အတွက် စက်တွေဝယ်ပြီး တပ်ဆင်သွားဖို့ လုပ်နေပါပြီ” ဟု ၎င်းက ဆက်ပြောသည်။ ထို့အပြင် သတ်မှတ် ဧရိယာအလိုက် မောင်းနှင်ရမည့် မိုင်နှုန်းများကိုလည်း ပြဋ္ဌာန်းသွားမည်ဖြစ်ပြီး ထိုမိုင်နှုန်းတို့ကို ချိုးဖောက်ပါက စက်ကရိုက်ကူးကာ မှတ်တမ်းဖိုင်ဖြင့် စည်းကမ်းဖောက်ဖျက်မှုကို အရေးယူမည်ဟု ရဲမှူးကြီးက ထပ်လောင်းဆိုသည်။ စက်များကို မီးပွိုင့်များ၊ ပြည်လမ်းစသည့် နေရာများတွင် တပ်ဆင်မည်ဖြစ်ကာ တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ပူးပေါင်းသွားဖွယ် ရှိနေသည်ဟု သိရသည်။ မန္တလေး- နေပြည်တော်- ရန်ကုန် အမြန်လမ်း တစ်လျှောက် စက်များတပ်ဆင်မှုကို ၂၀၁၂ ခုနှစ်ပိုင်းတွင် စတပ်၍ အရေးယူမှု ပြုပြီးနောက် ရန်ကုန်၌ တပ်ဆင်ရန် စီစဉ်ခြင်းဖြစ်သည်။ လူဦးရေနှင့် ယာဉ်စီးရေများသော ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်၌ ၂၀၁၂ ခုနှစ်က ယာဉ်မတော်တဆမှု ၁၂၄၂ မှုဖြစ်ပွားပြီး သေဆုံးသူ ၂၉၁ ဦး၊ ဒဏ်ရာရသူ ၁၈၆၉ ဦးရှိခဲ့သည်။ ယခု ၂၀၁၃ ခုနှစ်တွင် ဇွန်လကုန်အထိ အမှုပေါင်း ၉၃၈ မှုကြောင့် သေဆုံးသူ ၁၅၈ ဦး၊ ဒဏ်ရာရသူ ၁၄၀၇ ဦးရှိသည်။ ဖြစ်စဉ်အများစုမှာ ယာဉ်မောင်းက အရှိန်ပြင်း မောင်းနှင်မှုကြောင့် ဖြစ်သည်ဟု ယာဉ်ထိန်းရဲ အရာရှိတစ်ဦးက မှတ်ချက် ပြုထားကြောင်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Daily News

No comments:

Post a Comment