Monday, January 6, 2014

အင်ဂျင်နီယာ ပညာရေး အပြောင်းအလဲ ပညာရှင်များနှင့် ပညာရေးဝန်ကြီးဌာနတို့ အငြင်းပွား ရန်ကုန်၊ ဇန်နဝါရီ ၅

မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် သင်ရိုးညွှန်းတမ်းနှင့် ပညာသင်နှစ် မကြာခဏ ပြောင်းလဲလေ့ရှိသော နည်းပညာ တက္ကသိုလ်များ အဆင့်မြှင့်တင်ရေးတွင် ရေးဆွဲပြီးသော မူဝါဒ (မူကြမ်း) အပေါ် ပညာရှင်များနှင့် ပညာရေး ဝန်ကြီးဌာနတို့အကြား အမြင်မတူဘဲ အငြင်းပွားမှု ဖြစ်နေပြီး လက်ရှိအချိန်အထိ ညှိနှိုင်း၍ မရသေးကြောင်း ရန်ကုန်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်များ အဆင့်မြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးညီလှငယ်က ပြောကြားသည်။

ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီ၊ အဆင့်မြင့်ပညာရေး လုပ်ငန်းအဖွဲ့က အဆင့်မြင့် ပညာရေး မူဝါဒ (မူကြမ်း) တွင် ထည့်သွင်း ရေးဆွဲထားသော အင်ဂျင်နီယာ ပညာရေးမှာ အင်ဂျင်နီယာ ပညာရေး အသိုင်းအဝိုင်းက ရေးဆွဲထားသော မူဝါဒ (မူကြမ်း) နှင့်ကိုက်ညီမှု မရှိသောကြောင့် အငြင်းပွားနေရခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

အမျိုးသားပညာရေး မူဝါဒကို လာမည့် ဖေဖော်ဝါရီလတွင် လွှတ်တော်တင်ရန် ရည်ရွယ်ထားပြီး ဇန်နဝါရီလတွင် ရေးဆွဲပြီးသော မူဝါဒ (မူကြမ်း) များကို ပြည်သူထံ ချပြမည်ဟု ပညာရေးဝန်ကြီး ဌာနက ကြေညာထားသော်လည်း ဇန်နဝါရီ လဆန်းပိုင်းအထိ နှစ်ဦးနှစ်ဖက်လုံး သဘောတူညီချက် မရသေးကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။

“နိုင်ငံမှာ အင်ဂျင်နီယာက နည်းနည်းပဲလိုတာ။ အခုတော့ တြိဂံဇောက်ထိုးလို ဖြစ်နေပြီ။ နှစ်ဖက်လုံးက တိုင်းပြည်အကျိုးကို ကြည့်ပြီး ဆွဲမယ်ဆိုရင် အခုလို ပြဿနာမျိုးတွေ ဖြစ်လာနိုင်မှာ မဟုတ်ဘူး” ဟု နည်းပညာ တက္ကသိုလ် ကျောင်းသားဟောင်း တစ်ဦးက The Voice သို့ ပြောဆိုသည်။

အင်ဂျင်နီယာ ပညာရေး အပြောင်းအလဲအတွက် မူဝါဒများ ရေးဆွဲနေချိန် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက နည်းပညာ တက္ကသိုလ်များတွင် AGTI နှင့်
B.Tech သင်ရိုးညွှန်းတမ်းများကို ပြင်ဆင်ရေးဆွဲပြီး ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စတင်၍ စာသင်နှစ်တစ်နှစ် တိုးမြှင့်ခဲ့သည်။

လက်ရှိအချိန်တွင် အင်ဂျင်နီယာ ပညာရေး အသိုင်းအဝိုင်းက နိုင်ငံတကာ အဆင့်မီ အင်ဂျင်နီယာ၊ အကြီးတန်း နည်းပညာ ကျွမ်းကျင်သူ၊ နည်းပညာ ကျွမ်းကျင်သူနှင့် ကျွမ်းကျင်သူတို့ကို ပြန်လည် ခွဲခြမ်းပြီး နည်းပညာ ကျွမ်းကျင်သူများ ပိုမွေးထုတ်ပေးရန် ဝိုင်းဝန်း အကြံပြုထားသည်။ ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားသော အမျိုးသားပညာရေး ဥပဒေ (မူကြမ်း) တွင် အင်ဂျင်နီယာ ပညာရေးအတွက် သီးခြားရေးဆွဲ မထားဘဲ နည်းပညာနှင့် သက်မွေး ပညာရေးဟုသာ ထည့်သွင်းထားသည်။

Credit To :The Voice Weekly>

No comments:

Post a Comment