Monday, January 6, 2014

ကျိုက်ထီးရိုးတောင်ပေါ်သို့ နှစ်လအတွင်း နိုင်ငံခြားသား ၂၄၀၀ ကျော် လာရောက် Eleven Media Group


မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်တည်ရှိရာ တောင်ပေါ်သို့ နိုဝင်ဘာနှင့် ဒီဇင်ဘာ အတွင်း နိုင်ငံပေါင်း ၅၂ နိုင်ငံမှ နိုင်ငံခြားသား ၂၄၀၀ ကျော် လာရောက်လည်ပတ်ခဲ့ပြီး ရှေးဟောင်းယဉ်ကျေးမှုဇုန် ၀င်ကြေးအဖြစ် မြန်မာကျပ်ငွေ သိန်း ၁၄၄၀ ကျော် ကောက်ခံရှိခဲ့ကြောင်း ကျိုက်ထီးရိုးတောင်ပေါ်ရှိ နိုင်ငံခြားသား Chick Point ရုံးမှ သိရသည်။

“ကျွန်တော်တို့ စတင်တာဝန်ယူ ကောက်ခံတဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာ အတွင်းမှာတော့ ထိုင်းနိုင်ငံက ဘုရားဖူးတွေ အများဆုံးလာရောက်ကြပါတယ်။ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတွေက ဒုတိယနဲ့ တတိယအများဆုံး လာရောက်ကြပါတယ်။ နိုဝင်ဘာမှာ ထိုင်းနိုင်ငံက ၃၇၀၅ ဦးအပါအ၀င် နိုင်ငံပေါင်း ၅၀ က နိုင်ငံခြားသား ၁၁၆၆၃ ဦး လာရောက်ကြပါတယ်။ ဒီဇင်ဘာမှာတော့ ထိုင်းနိုင်ငံက ဘုရားဖူး ၆၄၉၈ အပါအ၀င် နိုင်ငံပေါင်း ၅၂ နိုင်ငံမှ နိုင်ငံခြားသား ၁၂၃၄၀ ဦး လာရောက်ကြပါတယ်” ဟု ကျိုက်ထိုမြို့နယ် စည်ပင်သာရေးဋ္ဌာနမှ လက်ထောက်ညွှန်မှူး ဦးစောရွှေက ပြောကြားသည်။

ဆက်လက်ပြီး ဦးစောရွှေက“နိုင်ငံခြားသားတစ်ဦးကို ရှေးဟောင်းယဉ်ကျေးမှုဇုန် ၀င်ကြေးအနေနဲ့ မြန်မာငွေ ၆၀၀၀ ကျပ်နှုန်းနဲ့ ကောက်ခံခဲ့တဲ့အတွက် နှစ်လပေါင်း ကျပ် ငွေ ၁၄၄၀ ဒသမ ၁၈ သိန်းရရှိခဲ့ပါတယ်။
ကျိုက်ထီးရိုးဒေသကို လာရောက်ကြတဲ့ နိုင်ငံခြားသားတွေထံကနေ ကောက်ခံရရှိတဲ့ငွေကို ပြည်နယ်အစိုးရရဲ့ ရန်ပုံငွေစာရင်းရှင်ထဲကို ထည့်သွားပေးရပါတယ်” ဟု ပြောကြားသည်။

“နိုင်ငံခြားသံရုံးက သံရုံးအရာရှိတွေ၊ စစ်သံမှူးတွေ၊ သံရုံးဝန်ထမ်းတွေနဲ့ နိုင်ငံခြားသား ရဟန်းတွေကို ဇုန်ဝင်ကြေးအနေနဲ့ ကောက်ခံခြင်းမရှိပါဘူး။ သံရုံးဝန်ထမ်း မိသားစုတွေ အပါအ၀င် သာမန်ခရီးသွား နိုင်ငံခြားအားလုံးကိုတော့ ဇုန်ဝင်ကြေး ကောက်ခံသွားမှာဖြစ်ပါတယ်”ဟု ဦးစောရွှေက ပြောကြားသည်။

(ကျိုက်ထီးရိုးစေတီ ဆီမီး ၉၀၀၀ ပူဇော်ပွဲ၌ တွေ့ရသော နိုင်ငံခြားသားခရီးသွားများအား တွေ့ရစဉ်)

No comments:

Post a Comment