Friday, January 3, 2014

မလေးရှားမှ အကျဉ်းကျမြန်မာ ၁၇၀ ကျော် ဇန်နဝါရီလကုန် တွင် ပြည်တော်ပြန်မည် ရန်ကုန်၊ ဇန်နဝါရီ ၁ The Voice Weekly

မလေးရှားနိုင်ငံ အကျဉ်းထောင် များတွင် အကျဉ်းကျ ခံနေရသည့် မြန်မာနိုင်ငံသား ၁၇၀ ကျော်သည် သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဒေါက်တာ အရှင်ဉာဏိဿရ ဦးဆောင်သည့် သီတဂူ အထောက်အကူပြု အဖွဲ့ (မလေးရှား) အကူအညီဖြင့် ဇန်နဝါရီ နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံ သို့ ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း အဆိုပါ အထောက်အကူပြု အဖွဲ့ထံမှ သိရှိရသည်။
“ထောင်ထဲက လူတွေကိုပဲ ထုတ်မှာ။ အပြင်လူတွေကို မခေါ်ဘူး” ဟု ၎င်းကဆိုသည်။

သီတဂူ အထောက်အကူပြု အဖွဲ့နှင့် ကမ္ဘောဇဘဏ် လီမိတက်တို့ ပူးပေါင်း လှူဒါန်းမှုဖြင့် ကွာလာလမ်ပူမှ မြန်မာနိုင်ငံသို့ MAI စင်းလုံးငှား လေယာဉ်ဖြင့် မလေးရှားနိုင်ငံတွင် အကျဉ်းကျ ခံနေရသည့် မြန်မာလုပ်သား ၁၇၆ ဦး ဇူလိုင်လ ၁၆ ရက်နေ့တွင်လည်း တစ်ကြိမ် ပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည်။

တရားမဝင် နေထိုင်မှုများကြောင့် မလေးရှားတွင် အကျဉ်းကျ ခံနေရသော မြန်မာနိုင်ငံသားများ အားလုံး လွတ်မြောက်နိုင်ရန် ဆောင်ရွက်နေကြောင်း၊ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရန်အတွက် နယ်စပ်များမှ တရားမဝင် (အောက်လမ်း) နည်းလမ်းဖြင့် သွားရောက်၍ အဖမ်းခံရသူများနှင့် နိုင်ငံကူး လက်မှတ်နှင့် ဗီဇာသက်တမ်း ကုန်ဆုံးခြင်းကြောင့် အဖမ်းခံရသူ မြန်မာနိုင်ငံသား ဦးရေ လူ ၄၀၀၀ ခန့် မလေးရှားတွင် ရှိကြောင်း သီတဂူ ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက The Voice သို့ ဇူလိုင်လ အတွင်းက မိန့်ကြားထားသည်။

သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား) သည် ကမ္ဘောဇဘဏ် လီမိတက်နှင့် ပူးပေါင်း၍ မလေးရှားတွင် ဒုက္ခရောက်နေသူ၊ အကျဉ်းကျနေသူ မြန်မာလုပ်သား ၁၂၀၀ ဝန်းကျင်ကို မြန်မာနိုင်ငံသို့ ခုနစ်ကြိမ်တိုင်တိုင် စရိတ်ငြိမ်း ပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည်။

No comments:

Post a Comment