ပြောင်းလဲသင့်တာမပြောင်းခြင်းကမတည်ငြိမ်အောင်လုပ်တာဖြစ်
ခြေထောက်နှစ်ဖက်ကြိုးချည်ထားပြီးအပြေးပြိုင်တာမျိုးမဖြစ်စေလို
မိမိ၏သိက္ခာကိုမိမိတန်ဖိုးထားသူပုဂ္ဂိုလ်များရှိသည်ဟုယုံကြည်
===================================
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်
====================================
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ချင်ပါတယ်လို့ တရားဝင်ပြောတာပါ။
ခိုးကြောင်ခိုးဝှက်ပြင်ချင်သလို၊ မပြင်ချင်သလို လုပ်နေတာမဟုတ်ပါဘူး။
ပွင့်ပွင့်လင်းလင်းပြင်ချင်ပါတယ်လို့ ပြောတာပါ။ အဲဒီလိုပြောခြင်းဟာ
ကျွန်မတို့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မှသာလျှင် တိုးတက်နိုင်မယ်
ဆိုတာ ကျွန်မတို့ယုံကြည်လို့ပဲ။ ယုံကြည်လို့လုပ်တဲ့ဟာကို တချို့က
တိုင်းပြည်ကို မတည်ငြိမ်အောင်လုပ်တယ်လို့ ဝေဖန်တဲ့သူတွေရှိပါတယ်။
ကျွန်မကပြောချင်တယ်။ နိုင်ငံတစ်နိုင်မှာ ဥပဒေဘောင်အတွင်းကနေပြီး တော့
ပြည်သူလူထုပြုပြင်ပြောင်းလဲချင်တဲ့ကိစ္စတွေကို ပြုပြင်ပြောင်းလဲ
နိုင်အောင်လို့ ထိန်းသိမ်းမထားနိုင်ရင် ထိန်းသိမ်းမထားနိုင်သူတွေရဲ့
အားနည်းချက်ပဲလို့ ကျွန်မဒီလိုပဲဆိုချင်တယ်။ ကျွန်မတို့အနေနဲ့ မတည်ငြိမ်
အောင်လုံးဝမလုပ်ဘူး။ ကျွန်မဘယ်တုန်းကမျှ ပြည်သူကို ဆူပူဖို့လှုံ့ဆော်
ခဲ့တာမရှိဘူး။ အကြမ်းဖက်ဖို့နေနေသာသာ ဆူပူဖို့ကိုလှုံ့ဆော်ခဲ့တာ တစ်ခါ မှ
မရှိဘူး။ ကျွန်မကိုယ်တိုင်လဲမလုပ်ခဲ့ဘူး။ ကျွန်မတို့ရဲ့အဖွဲ့ချုပ်ကလဲ
မလုပ်ခဲ့ဘူး။ ကျွန်မတို့အဖွဲ့ချုပ်ဝင်တွေက ကျွန်မတို့ပြည်သူတွေဆူပူအောင်
လှုံ့ဆော်တယ်၊ အကြမ်းဖက်အောင်လှုံ့ဆော်တယ်ဆိုရင် ကျွန်မတို့အဖွဲ့ချုပ်ရဲ့
စည်းမျဉ်းစည်းကမ်းနဲ့မကိုက်ညီတာကြောင့်မို့လို့ အဖွဲ့ထဲကနေအထုတ်ခံ
ရမှာဖြစ်ပါတယ်။
ကျွန်မတို့ဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့
အကြမ်းဖက်မှုလမ်းစဉ်ကို လုံးဝ မသွားဘဲနဲ့ နိုင်ငံကိုပြုပြင်ပြောင်းလဲချင်တဲ့
နိုင်ငံရေးပါတီတစ်ခုဖြစ်ပါ တယ်။ ကျွန်မတို့ကို
နိုင်ငံကိုမတည်ငြိမ်အောင်လုပ်တယ်လို့ ပြောတဲ့ပုဂ္ဂိုလ် များဟာ
ပြုပြင်ပြောင်းလဲသင့်တာကိုမပြုပြင်မပြောင်းလဲခြင်းဟာ ပိုပြီး တော့
မတည်ငြိမ်အောင်လုပ်တာဖြစ်တယ်ဆိုတာကို ပိုပြီးတော့သဘော မပေါက်ဘူးလို့
ကျွန်မတို့ထင်တယ်။
ပြုပြင်သင့်တဲ့ကိစ္စကို မပြုပြင်တာ
ဘာတွေကြောင့်လဲ စဉ်းစားကြည့် ရင် အဂတိတရားလေးပါးနဲ့
အများကြီးဆိုင်နိုင်တယ်။ ဥပမာ ဆန္ဒာဂတိ၊ ကိုယ့်ဆန္ဒကြောင့် ကိုယ့်ဆန္ဒဆိုတော့
ကိုယ်က အထူးနေရာတစ်ခုကိုယူထားချင်လို့၊ ဒါမှမဟုတ်သြဇာအာဏာကို
လက်မလွှတ်ချင်လို့ အဲဒီလိုဆန္ဒတွေ ကြောင့်မို့လို့ ပြုပြင်ပြောင်းလဲသင့်တာကို
မပြုပြင်မပြောင်းလဲဘူးဆိုလို့ရှိရင် အဂတိမကင်းဘူးလို့ပဲဆိုရမှာပဲ။
နောက်တစ်ခုက ဒေါသ၊ ဥပမာ- ဒီမိုကရေစီလိုလားတဲ့သူတွေကို လိုလားရကောင်းလား၊
ပြောင်းချင်တဲ့ သူတွေကို ပြောင်းရကောင်းလားပေါ့။ တို့နဲ့
တန်းညှိချင်ရကောင်းလား၊ အဲလို ဒေါသတွေ မလိုမုန်းတီးစိတ်တွေ၊ တချို့ကျတော့
ခပ်ပွင့်ပွင့်လင်းလင်းပြောရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အာဏာရသွားမှာကို အင်မတန်မှ မလိုလားကြဘူး။
ကျွန်မတို့အဖွဲ့ချုပ်က
အာဏာရယူဖို့ဆိုပြီး ဖွဲ့စည်းထားတာမဟုတ်ဘူး။ ဒီမိုကရေစီရယူဖို့ဆိုပြီး
ဖွဲ့စည်း ထားတာ။ ဒီမိုကရေစီစနစ်ဆိုတာ ဘာလဲဆိုပြီး အားလုံးသုံးသပ်လိုက်ကြပါ။
ဒီမိုကရေစီစနစ်မှာ နိုင်ငံရေး ပါတီများဟာ အစိုးရဖြစ်ဖို့အတွက်
ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ပြီးတော့ ပြည်သူလူထုရဲ့ ဆန္ဒကို ရယူတာပဲ။
ပြည်သူလူထုက သဘောတူတယ်၊ ဒီနိုင်ငံရေးပါတီကို၊ ငါတို့
ဒီနိုင်ငံရေးအဖွဲ့အစည်းကို ၊ ဒီပုဂ္ဂိုလ်တွေကို၊ ငါတို့
တိုင်းပြည်ကိုဦးဆောင်မှုပေးဖို့ အခွင့်အရေး
ငါးနှစ်လောက်ပေးလိုက်ဦးမယ်ဆိုတဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။
အဲဒီဆုံးဖြတ်ချက်အရ ပါတီတစ်ခုကအစိုးရဖွဲ့နိုင်ရင်ဖွဲ့တယ်။
ဒီလိုဖွဲ့ချင်တာဟာ အမှားမဟုတ်ဘူး။ ကိုယ့်အစိုးရ လုပ်တာကျတော့ ဘာမှမပြောဘဲ
အကောင်းချည်းပြောပြီး သူများအစိုးရလုပ်ချင်ရင်တော့ လောဘလို့ပြောရင်
မတရားဘူးလို့မြင်တယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖြစ်ရင်၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အုပ်ချုပ်ရေး အာဏာ ရရင် ကလဲ့စားချေမယ်၊
ဒဏ်ပေးမယ်၊ ရန်ပြုမယ်။ ဒီလိုစိတ်တွေရှိပါတယ်။ အဲဒါကတော့ ကိုယ့်စိတ်နဲ့ကိုယ်
နှိုင်းရင်တော့မသိဘူး။ ကျွန်မတို့မှာတော့ လုံးဝမရှိပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့လိုလားတာ ညီညွတ်ပြီး တော့
တိုးတက်တဲ့နိုင်ငံကြီးတစ်ခု လိုလားတာ၊ ညီညွတ်ပြီးတော့
တိုးတက်တဲ့နိုင်ငံဖြစ်ဖို့ဆိုတာဟာ ကျွန်မတို့ကြားထဲမှာ မေတ္တာတရားရှိရမယ်။
ကျွန်မတို့ဟာ မေတ္တာတရားပွားအောင်လုပ်ရမယ်။ အချင်းချင်း တစ်ယောက်နဲ့
တစ်ယောက် နားလည်မှုရအောင်၊ အပြန်အလှန်လေးစားမှုရအောင်လို့ ကြိုးစားရမယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးနဲ့ပတ်သက်တဲ့အခါမှာ ဥပဒေအရ
တပ်မတော်နဲ့ပြည်သူတွေကြားမှာ မညီမျှတာတွေကို ထောက်ပြသွားတာတွေဟာ
ကျွန်မတို့က တပ်မတော်ကိုမလိုလားလို့မဟုတ်ဘူး။ တပ်မတော် အပေါ်မှာ
ကျွန်မတို့ကနေပြီးတော့စိတ်ထားမမှန်လို့မဟုတ်ဘူး။ တကယ်ဆိုရင်
ကျွန်မတို့ကစိတ်ထား အင်မတန် ကိုမှန်လို့၊ တပ်မတော်ကို
ပြည်သူလူထုနဲ့တစ်သားတည်းဖြစ်စေချင်လို့ ဒီဟာတွေကိုထောက်ပြတာဖြစ်ပါတယ်။
ရွေးကောက်ပွဲဟာ လွတ်လပ်ဖို့ဆိုတာတော့ ဖြစ်နိုင်ပါတယ်။ ပြောချင်တာက
ပြည်သူတွေမဲပေးတဲ့နေရာမှာ လွတ်လွတ်လပ်လပ်မဲပေးပိုင်ခွင့်အခြေအနေများပါတယ်။
သို့သော်လည်း တရားမျှတမှုဆိုတာကတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တော့
ဘယ်နည်းနဲ့မှတော့မဖြစ်နိုင်ပါဘူးလို့ ဖြေပါတယ်။
ကျွန်မကတော့
အပြေးပြိုင်တယ်ဆိုလို့ရှိရင် သူ့ကိုတော့ ခြေထောက်နှစ်ဖက်ချည်ထားပြီးမှ
အပြေးပြိုင်မယ့် ဟာမျိုး ကျွန်မမလုပ်ချင်ဘူး။ ကျွန်မသိက္ခာအတွက်
ကျွန်မမလုပ်ချင်ဘူး။ နိုင်ရုံနဲ့ သိက္ခာရှိတာမဟုတ်ပါဘူး။ နိုင်ပုံနိုင်နည်းက
အများကြီးစကားပြောပါတယ်။ တပ်မတော်ထဲမှာရော၊ တခြား အဖွဲ့အစည်းတွေထဲမှာရော၊
တခြားနိုင်ငံရေးပါတီတွေမှာရော ကိုယ့်ရဲ့သိက္ခာကို ကိုယ်တန်ဖိုးထားတဲ့
ပုဂ္ဂိုလ်တွေရှိတယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာလည်း လူအမျိုးမျိုးရှိမှာပဲ၊
တခြားပါတီအဖွဲ့အစည်း တွေမှာလည်း လူအမျိုးမျိုးရှိမှာပဲ၊
ဒီတော့ကိုယ့်သိက္ခာကိုယ်တန်ဖိုးထားတဲ့ပုဂ္ဂိုလ်များဟာ ၂ဝ၁၅ကျလို့ရှိရင် ၂ဝဝ၈
ဖွဲ့စည်းပုံ အခြေခံဥပဒေမပြင်ဘဲနဲ့ ရွေးကောက်ပွဲမဝင်သင့်ဘူးလို့
ကျွန်မတို့မြင်တယ်။
ကိုယ့်ဘက်ကိုအလေးသာမှုလုပ်ထားပြီးမှ ဝင်တယ်ဆိုတာဟာ
မသင့်လျော်ဘူး။ ဥပမာ-ဖွဲ့စည်းပုံအခြေခံ ဥပဒေဘယ်လိုပဲဖြစ်ဖြစ်
ပြည်သူလူထုရဲ့ဆန္ဒကို ထောက်ထားပြီးဝင်မယ်ဆိုရင်
ကျွန်မတို့ကစွန့်စားပြီးဝင်ရမှာ၊ မမျှတတဲ့အခြေအနေမှာ စွန့်စားပြီးဝင်ရမှာ၊
ကျွန်မတို့က သိက္ခာကျစရာဘာမှမရှိဘူး။ အထက်စီးယူပြီးဝင်တဲ့ သူတွေအတွက်တော့
သိက္ခာမရှိဘူးလို့ ကျွန်မပြောချင်တယ်။
ကျွန်မတို့နိုင်ငံရေးစနစ်တစ်ခုကိုပြောင်းချင်ရင် အေးအေးချမ်းချမ်းနဲ့၊
နိုင်ငံရေးနည်းတွေနဲ့ပြောင်းလဲတာ အကောင်းဆုံးပဲလို့ကျွန်မယုံကြည်ပါတယ်။
(၁၅-၁၂-၂ဝ၁၃ ရက်နေ့ သာယာဝတီမြို့နယ်လူထုဆန္ဒသဘောထားရယူပွဲဟောပြောချက်မှ)
The Union Daily
No comments:
Post a Comment