Sunday, January 19, 2014

အနည်းဆုံး လုပ်ခကြေးငွေ ၂၀၁၄ မကုန်မီ ထုတ်ပြန်မည်ဟု ဝန်ကြီးဆို နေပြည်တော်၊ ဇန်နဝါရီ ၁၆

မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် လုပ်ငန်းမျိုးစုံတွင် သတ်မှတ်မည့် အနည်းဆုံးလုပ်ခ အခကြေးငွေ သတ်မှတ်ချက်ကို ၂၀၁၄ ခုနှစ်မကုန်မီ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရန် ဖွဲ့စည်းထားသည့် အမျိုးသားကော်မတီက ဇန်နဝါရီလ ၁၆ ရက်နေ့တွင် နေပြည်တော်ရှိ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၌ ပြုလုပ်သည့် အစည်းအဝေးတွင် အမျိုးသားကော်မတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သူ ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့် ပတ်သက်၍ အလုပ်ရှင်၊ လုပ်သား တွေ့ဆုံပွဲများကို ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးများတွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလနှင့် ဒီဇင်ဘာလတို့တွင် ပြုလုပ်ခဲ့ပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင်လည်း ဇန်နဝါရီလမှ ဇွန်လအတွင်း အလုပ်ရှင်နှင့် လုပ်သား တွေ့ဆုံပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဦးအေးမြင့်က ဆိုသည်။
“တွေ့ဆုံပွဲတွေကနေပြီး ရရှိတဲ့လာတဲ့ သဘောထားရလဒ်များကို ထည့်သွင်း စဉ်းစားသွားပါမယ်” ဟု ၎င်းက ပြောဆိုသည်။

လုပ်သားများ လက်ရှိရရှိနေသော လုပ်ခကြေးငွေကို ဒေသအလိုက် စစ်တမ်း ကောက်ယူရန်နှင့် အနည်းဆုံး အခကြေးငွေအတွက် လုပ်သားများ၏ နေထိုင် စားသောက်မှုစရိတ် (Living Cost) သုတေသနပြုလုပ်မှု အရေးကြီးကြောင်း မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု အရင်းအမြစ် အဖွဲ့အစည်း (MDRI) သုတေသန တာဝန်ခံ နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦးက ပြောကြားသည်။
“အနည်းဆုံး အခကြေးငွေကို တိုင်းနှင့်ပြည်နယ် အစိုးရတွေက နှစ်စဉ်မဟုတ်တောင် ၂ နှစ်ကိုတစ်ခါ ပြောင်းလဲ သတ်မှတ် ပေးသင့်ပါတယ်” ဟု ၎င်းကဆိုသည်။

အနည်းဆုံး အခကြေးငွေ ဥပဒေကို ၂၀၁၃ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။
ယခုလက်ရှိတွင် အနည်းဆုံး လုပ်ခအဖြစ် တစ်ရက်လျှင် ကျပ် ၇၀၀၀ ပေးရန်၊ ကျပ် ၅၆၀၀ ပေးရန် လုပ်သားတောင်းဆိုမှု အသံနှစ်မျိုး ထွက်နေပြီး ယင်းတောင်းဆိုမှု နှစ်လုံးကို အလုပ်ရှင်က လိုက်လျောနိုင်မည် မဟုတ်ဟု ပြောဆိုထားကြသည်။



The Voice Weekly

No comments:

Post a Comment