Thursday, January 9, 2014

မန္တလေးရွှေဆိုင် ဓားပြမှုဖြစ်အပြီး ရန်ကုန်ရွှေဆိုင်များ လုံခြုံရေးမြှင့်ရန် နှိုးဆော်

မန္တလေးမောင်ကိန်းရွှေဆိုင် ဓားပြ တိုက်ခံရခြင်းကြောင့် ရွှေဆိုင်များ လုံခြုံရေး တိုးမြှင့်လုပ်ဆောင်ရန် ရွှေလုပ်ငန်းရှင်များကို ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းကြည်က ပြောကြားသည်။

ရန်ကုန်မြို့တော် ပန်ဒါဟိုတယ်၌ ဇန်နဝါရီလ ၇ ရက်နေ့က မြန်မာနိင်ငံ ရွှေလုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိ ပုဂ္ဂိုလ်များ တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“လုယက်မယ့် သူတွေက ဆိုင်ရဲ့ အားနည်းချက် အားသာချက်တွေကို လေ့လာစောင့်ကြည့်ပြီးမှ လုယက်တာမျိုးဆိုတော့ ဆိုင်အပြင်မှာ လုံခြုံရေးကင်မရာ တပ်ဆင်ထားသင့်တယ်။ နောက်ပြီး လုံခြုံရေးတွေကိုလည်း အသက်ငယ်ရွယ်တဲ့ သူတွေကို ခန့်ထားသင့်တယ်” ဟု ဒုတိယရဲမှူးကြီး ဝင်းကြည်က အကြံပြုသည်။

ရွှေဆိုင် လုံခြုံရေးများက လုယက်သူကို ခေါင်းမှလွဲ၍ ရိုက်ခွင့်ရှိသည် ဆိုသော်လည်း ကျဉ်စက်များ အသုံးပြု ဖမ်းဆီးခွင့်ရှိ၊ မရှိကို မသိရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အဖွဲ့ဝင် ဦးစိုးမြင့်က ဆိုသည်။

ကျဉ်စက်ဖြင့် အသုံးပြုပါက အခန့်မသင့်လျှင် လူကို သေစေနိုင်သည့်အတွက် မပြုလုပ်သင့်ကြောင်း၊ လက်နက်ဖြင့် ခြိမ်းခြောက် လုယက်ပါက ပြန်လည် ခုခံနိုင်သော်လည်း အလွန်အမင်း ထိခိုက်စေမှုကိုမူ ရှောင်ရှားရန် လိုအပ်ကြောင်း ဒုတိယရဲမှူးကြီး ဝင်းကြည်က ရှင်းပြသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့က မန္တလေးမြို့ရှိ မောင်ကိန်းရွှေဆိုင် လုယက်မှု၊ ဒီဇင်ဘာလ ၁၇ ရက်နေ့က မိတ္ထီလာ အင်းဝဘဏ် ဓားပြမှုတို့ ဖြစ်ပွားခဲ့ခြင်းကြောင့် သတိပေးမှုများ ပြုလုပ်ခြင်း ဖြစ်ကြောင်း ယင်းတွေ့ဆုံပွဲမှ သိရသည်။

The Voice

No comments:

Post a Comment