Thursday, January 9, 2014

အခြေခံဥပဒေကို ရှင်းမပြရဲသည့် အစိုးရသည် တာဝန်မကျေဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား မဇ္ဈိမသတင်းဌာန| ကြာသာပတေးနေ့၊ ဇန်နဝါရီ ၉ရက်၊ ၂၀၁၄ခုနှစ်။

ဟားခါးမြို့ ဝမ္မသူးမောင် ဘောလုံးကွင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စည်းရုံးဟောပြောနေသော ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် အစိုးရအနေနဲ့ ပြောင်းချင်သလို မပြောင်းချင်သလို လုပ်နေခြင်းကို မကြိုက်ကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် ပြည်သူကို ဖွဲ့စည်းပုံနှင့် ပတ်သက်၍ ရှင်းပြရန်လိုအပ်ပြီး သတ္တိရှိရှိ မရှင်းရဲရင် အစိုးရတာဝန်မကျေဟု ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောကြားလိုက်သည်။

ပြည်သူများကိုလည်း "ခေါင်းဆိုတာ ညိမ့်ဖို့မဟုတ်ဘူး။ စဉ်းစားဖို့ ဖြစ်တယ်။ ကျွန်မတို့ ပြည်သူလူထုက ခေါင်းအမြဲတန်း ညိမ့်မနေနဲ့နော်"ဟု ပြောခဲ့သေးသည်။

ထို့အပြင် ယမန်နေ့က ဖလမ်းမြို့တွင် သူမ၏ ဟောပြောပွဲကို လာရောက်နားထောင်ခြင်းမပြုရန် တားဆီးခြင်းများ ရှိသည်ဟု သတင်းထွက်ပေါ်သည့်အပေါ် ဝန်ထမ်းတွေအနေဖြင့် ယင်းကဲ့သို့ ကိစ္စမျိုးကို ဖုံးကွယ်မထားစေချင်ကြောင်း ပြောကြားသွားသည်။

သူမ၏ ဖွဲ့စည်းပုံဆိုင်ရာ ဟောပြောပွဲကို ဟားခါးမြို့ဘောလုံးကွင်းတွင် နံနက် ၈နာရီမှ စတင်ပြုလုပ်နေပြီး ပရိတ်သတ် ၅၀၀ကျော် တက်ရောက်ခဲ့သည်ဟု ထိုနေရာတွင် ရောက်ရှိနေသော မဇ္ဈိမအယ်ဒီတာက သတင်းပေးပို့သည်။

No comments:

Post a Comment