Sunday, January 19, 2014

နိုင်ငံတော်သမ္မတကြီး မကွေးမြို့သို့ရောက်ရှိစဉ် အငြိမ်းစား ကျောင်းဆရာမတစ်ဦးက ၎င်း၏နေအိမ်ဖျက်သိမ်းခံရမှုနှင့် ပတ်သက်၍ အသနားခံစာပေးရန် ကြိုးပမ်းမှုဖြစ်ပေါ်

မကွေးမြို့ မြို့တော်ခန်းမတွင် ဇန်န၀ါရီ ၁၆ ရက် နံနက်က ကျင်းပခဲ့သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေး အခမ်းအနားမှ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ပြန်လည်ထွက်ခွာလာစဉ် အငြိမ်းစား ကျောင်းဆရာမတစ်ဦးက ၎င်း၏ နေအိမ်ဖျက် သိမ်းခံရမှုနှင့် ပတ်သက်၍ အသနားခံစာပေးရန် ကြိုးပမ်းမှုဖြစ်ပေါ်ခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသူများထံမှ သိရသည်။

အငြိမ်းစားကျောင်းဆရာမ ဒေါ်သန်းမြင့်က ၎င်းနေထိုင်ခဲ့ရာ မကွေးမြို့ လမ်းမတော် အလယ်ရပ် ၃ လမ်း အမှတ် ၂၃ ရှိ အလျား ၁၀၇ ပေ၊ အနံ ၆၅ ပေအကျယ်ရှိ အိမ်ဝိုင်းအတွင်းမှ ပျဉ်ထောင်အိမ်အား ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက တရားရုံး၏ အမိန့်ဖြင့် ဖျက်ပေးခဲ့ရခြင်းနှင့် ပတ်သက်၍ သမ္မတကြီးထံ အသနားခံစာပေးရန်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

“သမ္မတကြီး ခန်းမထဲကထွက်ပြီး ကားပေါ်တက်နေတုန်း အမျိုးသမီးတစ်ဦးက မတရားခံနေရတဲ့ကိစ္စတစ်ခု သမ္မတကြီးကို တင်ပြချင်လို့ ခဏတွေ့ခွင့်ပေးပါဆိုပြီးအော်ပြောနေလို့ ရဲမေတွေက ကားနဲ့တင်ခေါ်သွားတာ သမ္မတကြီးက အဲဒီအမျိုးသမီးတင်ပြချင်တာကို ညှိနှိုင်းပေးဖို့နဲ့ အပြစ်ပေးအရေးယူတာတွေမလုပ်ဖို့ မကွေးတိုင်းအစိုးရအဖွဲ့ဝင်တစ်ဦးကို ကားပေါ်ကနေမှာသွားတယ်”ဟု ဖြစ်စဉ်အား မြင်တွေ့လိုက်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ အငြိမ်းစားကျောင်းဆရာမ နေထိုင်ရာ မကွေးမြို့ ဆားစည်ရပ် ၃ လမ်း အတွင်းရှိ တဲအိမ်သို့ မကွေးတိုင်းအစိုးရအဖွဲ့ဝင်များ စုံစမ်းစစ်ဆေးရေးရုံးတာဝန်ရှိသူများနှင့် ပြန်ကြားရေးရုံးတာဝန်ရှိသူများက ယင်းနေ့ ၁၂ နာရီခန့်က သူမ တင်ပြလိုသည့် အကြောင်းအရာများအား လာရောက်မေးမြန်းခဲ့ကြောင်း သူမ၏ သမ္မတထံပေးမည့် အသနားခံစာအားလည်း ယူဆောင်သွားခဲ့ပြီး သူမ အား ကျပ်ငွေ ၅၀၀၀၀ ပေးအပ်ခဲ့ကြောင်း ကာယကံရှင် ဒေါ်သန်းမြင့်ထံမှ သိရသည်။


Eleven Media Group

No comments:

Post a Comment