Friday, January 3, 2014

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပြန်လည်စုစည်းပြီး ပြည်သူ့အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ရန် ဆွေးနွေးမည် Published on: January 2, 2014

၁၉၉၀ ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက်ခံထားခဲ့ရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက အနာဂတ် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီအတွင်း တွေ့ဆုံကာ အဖွဲ့တစ်ခု ဖွဲ့စည်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုသို့ဖွဲ့စည်းရာတွင် စတင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် ဒေါ်ရွှေကူမေနှင်းက “ကိုယ့်ကို ပြည်သူတွေက ယုံကြည်ပြီး အလုပ်လုပ်ဖို့ တာဝန်အပ်နှင်းခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် လုပ်မပေးခဲ့ရသေးတော့ တာဝန်မကျေဘူးလို့ ခံစားရတယ်။ အခုအချိန်က တိုင်းပြည်အတွက်လည်း အရေးကြီးနေပြီ၊ အဖွဲ့အစည်းတွေလည်း ဖွဲ့စည်းခွင့် ရှိနေပြီ ဆိုတော့ အန်တီတို့က တတ်အားသမျှကောင်း နိုးရာရာ လုပ်ပေးဖို့အတွက် အဖွဲ့အစည်းလေး တစ်ခုဖွဲ့ဖို့ ရည်ရွယ်တွေ့ဆုံတာပါ” ဟု The Daily Eleven Newspaper ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့သည်။

၎င်းကဆက်လက်ပြီး ၁၉၉၀ ပြည့်နှစ်က ပြည်သူရွေးချယ်ခဲ့သည့် ပြည်သူ့လွှတ်တော် အမတ် ၄၀၀ ကျော်ရှိခဲ့ပြီး ယခုအခါတွင် သေဆုံးခဲ့သူများ၊ ပြည်ပနိုင်ငံများသို့ သွားရောက် ခိုလှုံခဲ့သူများ အများအပြား ရှိနေခဲ့ပြီး ယခုအဖွဲ့ကို ပြည်တွင်းပြည်ပ လက်လှမ်းမီသမျှ တွေ့ဆုံမှာ ဖြစ်သည့်အပြင် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစု အချို့နှင့် အသက်အရွယ် ကြီးမြင့်သူ အချို့လည်း အခက်အခဲများ ရှိနေသောကြောင့် တတ်နိုင်သမျှ ထောက်ပံ့ပေးရန်လည်း ပါဝင်သည်ဟု ပြောကြားသည်။

ထို့အပြင် မည်သည့်ပါတီ၊ မည်သည့် အဖွဲ့အစည်းကပင်ဖြစ်စေ ရွေးကောက်ခံခဲ့ရသည့် လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပါက လက်တွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။ ထိုအဖွဲ့အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် လုံးဝ မရည်ရွယ်သော်လည်း ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူလူထုအား ပညာပေးခြင်းများကို ပြုလုပ်ရန် ရည်ရွယ်ထားသည် ဟုလည်း ပြောကြားသည်။

ထို့အပြင် ဦးသန်းဝင်းကလည်း ၁၉၉၀ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ၎င်းတို့၏ ကျန်ရှိနေသော သက်တမ်းအတွင်း ပြည်သူလူထု၏ အကျိုးကို သယ်ပိုးရန်အတွက် လိုလားနေပြီး အားလုံးတွေ့ဆုံချိန်တွင် လုပ်ငန်းစဉ်များကို တိုင်ပင်ဆွေးနွေးမည့် အကြောင်းကိုလည်း ပြောကြားသည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ပေးထားခဲ့သည့် ကတိများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဖွဲ့စည်းစဉ်က ချမှတ်ထားသည့် လုပ်ငန်းရည်ရွယ်ချက်များအား ယခုအချိန်တွင် မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ကို ဆွေးနွေးကာ ဆုံးဖြတ်မည် ဖြစ်ကြောင်းကိုလည်း ဖြေကြားခဲ့သည်။

တွေ့ဆုံပွဲတွင် ကော်မတီဖွဲ့စည်းမှာဖြစ် ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လိုသူများ အနေနှင့် ဦးဒေးဗစ်လှမြင့် (ဖုန်း-၀၉၅၀၅၇၀၇၂)၊ ဦး ပီတာလင်းပင် (ဖုန်း-၀၉၄၃၁၆၇၀၂၆)၊ ဒေါ်ရွေကူမေနှင်း(ဖုန်း-၀၉၇၃၁၈၈၈၁၇)၊ ဦးနိုင်း နိုင်း(ဖုန်း-၀၁၂၉၁၂၁၆)၊ ကြည့်မြင်တိုင် ဦးလှထွန်း(ဖုန်း-၀၉၄၂၀၂၂၁၃၈၇)၊ ဦးညွန့်ဝင်း ရေကြည်(ဖုန်း-၀၉၃၇၀၄၀၀၃၇)၊ ဦးသန်းဝင်း သာပေါင်း(ဖုန်း-၀၉၄၂၂၄၉၇ ၉၅၄)၊ ဦးညွန့် လှိုင် ပုသိမ်အရှေ့(ဖုန်း-၀၄၂၂၅၅၅၉)သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

၁၉၉၀ ပြည့်နှစ်မေလက ကျင်းပခဲ့သည့် ပါတီစုံ အထွေထွေရွေး ကောက်ပွဲအတွင်း NLD မှ အပြတ်အသတ် အနိုင်ရခဲ့သော်လည်း အာဏာမအပ်ခဲ့ဘဲ အမတ်များအား ထောင်သွင်းအကျဉ်းချ ခဲ့မှုများ ရှိနေခဲ့ပြီး အကျဉ်းထောင်အတွင်း အမတ်အချို့ သေဆုံးခဲ့ကြသည်။ ထို့နောက် ၁၉၉၈ ခုနှစ်တွင် NLD ပါတီနှင့်အနိုင်ရ တိုင်းရင်းသား ပါတီများစုပေါင်းပြီး ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP)ကို ဖွဲ့စည်းခဲ့သည်။

Aye Chan Mon# Credit To :Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

No comments:

Post a Comment