Monday, July 22, 2013

ယောက်ျားလျာတစ်ဦး အလှူခံမှန်ပုံးကို ခဲဖြင့်ထု၍ အလှူငွေခိုးယူ 21-07-2013

ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင် မြို့နယ်၊ (၇) ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်ဈေး အနီးရှိ ဆားလင်းဘုန်းကြီး ကျောင်းဝင်းတွင် ဇူလိုင် ၁၉ ရက် နံနက် ၁၀နာရီ က အသက် ၂၉ နှစ်အရွယ် ရှိသူ ယောက်ျားလျာ တစ်ဦးက အလှူခံမှန်ပုံးကို ခဲဖြင့်ထု၍ အလှူငွေ များ ခိုးယူမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

အဆိုပါ ကျောက်တန်း မြို့နယ်၊ (၁၃) ရပ်ကွက်၊ ကမ်းနားလမ်းတွင် နေထိုင်သူ ဒေါ်ငွေခိုင်နွယ်က ဆားလင်း ဘုန်းကြီးကျောင်း ဝင်းအတွင်း ရွှေမုဋ္ဌောစေတီရှေ့ ယက္ခညီနောင် ရှေ့တွင် ထားသော အလှူခံမှန်ပုံးကို အနီး နားထောင့်ရှိ တနင်္ဂနွေဂြိုဟ်ထောင့်သို့ ယူဆောင်ကာ အလှူခံပုံးကို ခဲဖြင့် ထုခွဲပြီး ငွေကျပ် တစ်သောင်းလေးထောင်ကျော်ကို ယူဆောင်သွားကြောင်း အဆိုပါပုံး ရှာဖွေတွေ့ ရှိသူ အသက် ၃၈ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက The Voice သို့ ပြောကြားသည်။
"ခွမ်းဆို အသံကြားတယ်။ သတိရလို့ အလှူခံပုံးကို ကြည့်လိုက်တော့ မတွေ့ တော့ဘူး၊ အဲဒါနဲ့ လိုက်ရှာတော့ တနင်္ဂနွေ ဂြိုဟ်ထောင့်နားမှာ တွေ့ရပါတယ်။ အရက်တွေလည်း သောက်ထားတယ်" ဟု ၄င်းက ထပ်မံပြောကြားသည်။

အဆိုပါ အလှူငွေမှန်ပုံးထဲမှ ငွေများ ကိုမခိုးယူမီ ဒေါ်ငွေခိုင်နွယ်သည် ဆားလင်း ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော် ထံမှ ပုဇွန်တောင်မြို့နယ်၊ အိုးဖိုရပ်ကွက်၊ ကွက်သစ်လမ်းနေ ဒေါ်သိန်းကွယ်လွန် သွားသဖြင့် သဂြုင်္ိဟ်ရန်အတွက် ငွေတစ်သောင်းကျပ် လာချေးခဲ့ဖူးကြောင်း၊ ကျောင်းထိုင် ဆရာတော်က မိန့်ကြားသည်။
"သူ့ဆီက အရက်နံ့က နံစော်နေတာပဲ။ မင်းလာလိမ်နေတာ မဟုတ်လား။ ပြန်တော့ လို့ပြောပြီး နာရီဝက်လောက် အကြာမှာ အလှူခံ မှန်ပုံးကို ထုခွဲခဲ့တာ" ဟု ဆရာတော်က ထပ်မံမိန့်ကြားသည်။

အဆိုပါအမျိုးသမီးကို ငွေများ နှင့်အတူ ဖမ်းမိခဲ့ပြီး ၄င်းကို (ပ)၁၅၅/ ၂၀၁၃၊ ပုဒ်မ-၃၇၉/၂၉၅ ဖြင့် အမှုဖွင့်ထား ကြောင်း ပုဇွန်တောင်မြို့နယ် ရဲစခန်းမှ အမှုစစ်ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ ယက္ခညီနောင်ရှေ့ရှိ အလှူခံ မှန်ပုံးသည် မကြာခဏ အခိုးခံရပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလမှ ယခု ဇူလိုင်လ ၁၉ ရက် နေ့အထိ အလှူခံပုံး ခိုးယူခံရမှု လေးကြိမ်တိတိ ဖြစ်ပွားခဲ့ကြောင်း၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ခိုးယူခံရမှုကို ဖမ်းမိခြင်းမရှိဘဲ တတိယ အကြိမ်တွင် အမျိုးသားတစ်ဦးကို ဖမ်းဆီး မိခဲ့ပြီး ယခုတစ်ကြိမ်တွင်လည်း အမျိုးသမီး တစ်ဦး (ယောက်ျားလျာ) ကို ဖမ်းဆီးမိ ခဲ့ကြောင်း အဆိုပါ ဘုန်းကြီးကျောင်းအနီးရှိ နေထိုင်သူများက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment