Monday, July 22, 2013

ဆရာကြီး ဒဂုန်တာရာကို ငြိမ်းချမ်းရေးဆု ပေးမည် ရန်ကုန်၊ ဇူလိုင် ၂၁


မြန်မာ့ လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းတို့တွင် ပါဝင်ခဲ့ဖူးသည့် အသက် ၉၅နှစ် အရွယ် ဆရာကြီး ဒဂုန်တာရာကို တောင်ကိုရီးယားနိုင်ငံရှိ Manhae ဖောင်ဒေးရှင်းက ငြိမ်းချမ်းရေးဆု ပေးအပ် မည်ဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

ယင်းဆုပေးပွဲကို တောင်ကိုရီးယားနိုင်ငံ Kangwon ပြည်နယ် Bekdam ဘုရားကျောင်းတွင် သြဂုတ်လ ၁၂ ရက်နေ့၌ ပြုလုပ်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အစိုးရ ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ ကျွန်တော်နဲ့အတူ လက်တွဲ လုပ်ဆောင်ခဲ့တဲ့ အပေါင်းအဖော်တွေကိုလည်း ဒီဆုက အသိအမှတ်ပြုတယ်လို့ ကျွန်တော် နားလည်ပါတယ်” ဟု ဆရာကြီး ဒဂုန်တာရာက ယင်းဖောင်ဒေးရှင်းထံ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

စစ်ပွဲများ၏ အကျိုးဆက်အနေနှင့် အိုးအိမ် မြေယာ ဆုံးရှုံးမှုများ၊ ထိခိုက် ဒဏ်ရာရမှုများ စသော စစ်၏ အနိဋ္ဌာရုံတို့ကို ပြည်သူလူထုကသာ ခါးစည်းခံရသဖြင့် စစ်ဆန့်ကျင်ရေးနှင့် ငြိမ်းချမ်းရေးကို လိုလားကြောင်း ယင်းသဝဏ်လွှာတွင် ရေးသားထားသည်။

ဆရာကြီး ဒဂုန်တာရာသည် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် ခေတ်ပြိုင် ပုဂ္ဂိုလ် တစ်ဦးဖြစ်ပြီး တာရာ မဂ္ဂဇင်းကို ထုတ်ဝေကာ ၁၉၅၀ ပြည့်နှစ်တွင် စာရေးဆရာအသင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက်တွင်လည်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။

ဆရာကြီး ဒဂုန်တာရာသည် ‘နိုင်ငံရေးတွင် မုန်းသူမရှိ၊ ချစ်သူသာရှိ’ ဆိုသော အတွေးအခေါ်တွင် အခြေခံသည့် ကဗျာများကို ရေးခဲ့သည့်အပြင် ခေတ်ပြိုင် ပုဂ္ဂိုလ်များဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနုနှင့် သခင်ဗဟိန်းကဲ့သို့သော ပုဂ္ဂိုလ်ကြီးများ၏ ရုပ်ပုံလွှာများ၊ မေ၊ တို့ခေတ်ကိုတော့ ရောက်ရမည် မလွဲပါ စသော ဝတ္ထုများကိုလည်း ရေးသားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံရှိ Manhae ဖောင်ဒေးရှင်းကို လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် လူမှုသဟဇာတ ဖြစ်မှုတို့ အပေါ်တွင် အခြေခံပြီး ဂျပန် အုပ်ချုပ်ရေးကို ဆန့်ကျင်သော ကဗျာများ ရေးစပ်ခဲ့သည့် တောင်ကိုရီးယားနိုင်ငံသား Han Young-un (၁၈၇၉-၁၉၄၄) ၏ ကလောင်အမည် Manhae ကို ဂုဏ်ပြုသောအားဖြင့် ထူထောင်ထားခြင်း ဖြစ်သည်။

ယင်းဖောင်ဒေးရှင်းက တောင်အာဖရိက သမ္မတဟောင်း မစ္စတာ နယ်ဆင်မင်ဒဲလားကိုလည်း ငြိမ်းချမ်းရေးဆု ပေးအပ်ခဲ့ဖူးသည်။

No comments:

Post a Comment