Thursday, July 25, 2013

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ထုတ်ပြန်ပြီး ဖြစ်သော်လည်း မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အတည်ပြုချက် လုပ်ငန်းစဉ်မှာ အလွန် အချိန်ကြာဟုဆို


မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ထုတ်ပြန်ပြီး ဖြစ်သော်လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ ရင်းနှီးမြှုပ်နှံမှု အတည်ပြုချက် ရရှိရန် လုပ်ငန်းစဉ်မှာ အလွန်အချိန် ကြာသည်ဟု ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ စီနီယာ ကိုယ်စားလှယ် မစ္စတာကျိုဆုဂဲအီနဒါ့က ၎င်း၏ Comments on Initial Assessment Multi-Dimensional Review of Myanmar စာတမ်းတွင် ထည့်သွင်း ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် ထုတ်ပြန်ခဲ့ပြီး နည်းဥပဒေများကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီတွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ရန်ကုန်တွင် One Stop Service Center ကို ဖွင့်လှစ်ခဲ့သော်လည်း ကုမ္ပဏီများ အနေနှင့် ရင်းနှီးမြှုပ်နှံမှု အတည်ပြုချက် ရရှိရန် နေပြည်တော်သို့ သွားရောက်ရန် လိုအပ်နေဆဲ ဖြစ်သည်။
မစ္စတာအီနဒါ့က မြန်မာနိုင်ငံတွင် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းကြောင့် ဥပဒေနှင့် စည်းမျဉ်းများမှာ ဆန့်ကျင်ဘက် ဖြစ်နေခြင်း၊ ထပ်နေခြင်းတို့လည်း ဖြစ်ပေါ်နေကြောင်း ၎င်းစာတမ်းတွင် ထောက်ပြထားသည်။
ထို့အတူ လူမှုအသိုင်းအ၀ိုင်းအတွက် လိုအပ်သည့် ဥပဒေများ ပုံဖော်ရန်နှင့် ထိန်းသိမ်းရန် လူ့စွမ်းအား အရင်းအမြစ်နှင့် အဖွဲ့အစည်းများ အားကောင်းလာစေရန် လိုအပ်နေသည်ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် ပြည်ပနိုင်ငံ အများအပြားမှ လာရောက်ဆွေးနွေးမှုများ ရှိသော်လည်း အမှန်တကယ် ရင်းနှီးမြှုပ်နှံမှုများ မဖြစ်ပေါ်သေးကြောင်းနှင့် လက်ရှိအချိန်တွင် အတားအဆီးများ ကျန်ရှိနေသေးကြောင်း UMFCCI မှ ဒုဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက မကြာသေးမီက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် နိုင်ငံပေါင်း ၃၂ နိုင်ငံမှ ၀င်ရောက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိရာ တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၄ ဘီလျံကျော်ဖြင့် အများဆုံး ပြုလုပ်ကာ ထိပ်ဆုံးတွင် ရပ်တည်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
Eleven

No comments:

Post a Comment