Tuesday, July 30, 2013

ပြည်တွင် သွေးလွန်တုပ်ကွေးဖြင့် လေးနှစ်အရွယ် ကလေးသေဆုံး ပြည်၊ ဇူလိုင် ၂၉

ယခုနှစ် သွေးလွန်တုပ်ကွေး ရာသီမှစ၍ လက်ရှိအချိန်ထိ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသည့် လူနာတစ်ရာ ဝန်းကျင်ရှိပြီး ဇူလိုင်လ ဒုတိယပတ်က အသက်လေးနှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ကြောင်း ပြည်ခရိုင်ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လူနာကလေးငယ်မှာ ရောဂါဖောက်သည့် အချိန်တွင်မှ ဆေးရုံသို့ နောက်ကျ ရောက်လာသည့်အတွက် မည်သို့မျှ ကယ်တင်၍ မရတော့သဖြင့် မိသားစုက အိမ်ပြန်ခေါ်သွားပြီးနောက် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးခဲ့သော လူနာကလေးနှင့် ပတ်သက်၍ ပြည်မြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးတင့်ရွှန်းက ပြောကြားသည်။
“ရှော့ခ်ဖြစ်ပြီး ၂၄ နာရီတွင်းလာရင် အသက်မဆုံးရှုံးနိုင်ဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိ ပြည်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ လူနာ ၅၂ ဦးရှိပြီး အခြားမြို့နယ်များတွင် ၄၈ဦး ရှိနေကြောင်း၊ ပြည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေး ရောဂါဖြင့် တက်ရောက် ကုသနေသူများသည် အသက် ၁၂ နှစ်အောက် ကလေးများ ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

သွေးလွန်တုပ်ကွေး ရောဂါတွင် ရောဂါအဆင့် သတ်မှတ်ချက်လေးခုရှိရာ လူနာများသည် အဆင့် ၁ နှင့် ၂ သာ ရှိကြကြောင်း ရောဂါဖြစ်ပွားမှု တားဆီးနိုင်ရန် သောက်သုံးရေများ ဖုံး၊ သွန်၊ လဲ၊ စစ်ကို အဓိကထားပြီး မြို့နေလူထုက အပတ်စဉ် လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း ဆေးရုံအုပ်ကြီးက သုံးသပ် ပြောကြားသည်။

သေဆုံးခဲ့သော ကလေးနေထိုင်ရာ ရပ်ကွက်နှင့် ပြည်မြို့ရှိ မူလတန်းကျောင်းများ၊ ဘုန်းတော်ကြီး ပညာသင်ကျောင်းများကို မြို့ပေါ်ရှိ လူမှုရေးအဖွဲ့အစည်းများက ခြင်ဆေးရည်များ ဖျန်းပေးခဲ့ပြီး လက်ရှိအချိန်တွင် ရောဂါဖြစ်ပွားမှု နည်းပါးနေကြောင်း ခရိုင် ကျန်းမာရေးဦးစီးဌာန ထံမှ စုံစမ်းသိရှိရသည်။

No comments:

Post a Comment