Thursday, July 25, 2013

မဲဆောက်-မော်လမြိုင် တိုက်ရိုက်လေကြောင်း ပြေးဆွဲရေးအတွက် ထိုင်းလေကြောင်း NOK AIR မှ အကြီးအကဲများ မွန်ပြည်နယ် အစိုးရအဖွဲ့သို့ လာရောက်တင်ပြ ညှိနှိုင်းခဲ့ကြောင်း သတင်းရရှိ


ဇူလိုင် ၂၄ ရက် မွန်းလွဲတွင် ထိုင်းလေကြောင်း NOK AIR မှအကြီးအကဲ MR. SOMCHAINUK ENTRAKUL ခေါင်းဆောင်သော အဖွဲ့ဝင် ၂၄ ဦးပါ အဖွဲ့သည့် ကုမ္ပဏီပိုင် လေယာဉ်ဖြင့် မော်လမြိုင် လေဆိပ်သို့ ဆင်းသက်ကာ မွန်းလွဲ နှစ်နာရီတွင် မွန်ပြည်နယ် အစိုးအဖွဲ့ရုံးတွင် ၀န်ကြီးချုပ် ဦးအုန်းမြင့် ပါဝင်သော အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ စက်တင်ဘာ ၁ ရက်တွင် မဲဆောက်-မော်လမြိုင် တိုက်ရိုက်လေယာဉ် ပြေးဆွဲရေးအတွက် အကြိုညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် မော်လမြိုင် လေယာဉ်ကွင်း ဆင်းသက်မည့် အခြေအနေ၊ လေယာဉ်ပြေးလမ်း၊ လေယာဉ်ကွင်း ပြင်ဆင်ရမည့် အစီအစဉ်၊ နိုင်ငံခြား ခရီးသည်များ လည်ပတ်မည့် အစီအစဉ်၊ တည်းခိုမည့်ဟိုတယ် အနေအထား၊ ခရီးသွားများကို သွားလာရေးအတွက် ပို့ဆောင်မည့်ယာဉ် အစီအစဉ်များ၊ လေယာဉ်ခရီးစဉ် ကြော်ငြာဘုတ် စိုက်ထူမည့် အခြေအနေများကို နှစ်ဖက်ညှိနှိုင်း ခဲ့သည်ဟု သိရသည်။

အဆိုပါ အဖွဲ့သည် ဇူလိုင် ၂၄ ရက် ညနေတွင် ကရင်ပြည်နယ် ဘားအံသို့ ဆက်လက် ထွက်ခွာကာ ဘားအံခရီးစဉ်အတွက် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်မည် ဖြစ်ကြောင်း၊ ဇူလိုင် ၂၅ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

ယင်းလေကြောင်းလိုင်း ပြေးဆွဲရေးအတွက် ဌာနေကိုယ်စားလှယ်အဖြစ် ထားဝယ်မင်းသမီး ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်မည်ဟု သိရသည်။

Eleven Media Group

No comments:

Post a Comment