Thursday, July 25, 2013

ရွှေဂုံတိုင်ခုံးကျော်တံတား နိုဝင်ဘာလပြီးမည် ဆို ရန်ကုန်၊ ဇူလိုင် ၂၄


ပြီးစီးချိန်ကို မကြာခဏ ကြေညာလေ့ရှိသော ကမ္ဘာအေးစေတီလမ်းရှိ ရွှေဂုံတိုင် မီးပွိုင့်တွင် တည်ဆောက်နေသော ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်မှုသည် နိုဝင်ဘာလအတွင်း ပြီးစီးမည် ဖြစ်ကြောင်း တံတားကို တည်ဆောက်နေသည့် Capital Development Limited ကုမ္ပဏီ၏ စီမံကိန်း အုပ်ချုပ်မှုဆိုင်ရာ အရာရှိ ဦးညီညီမျိုးမြင့်က ပြောကြားသည်။

“ရန်ကုန်မြို့တော်ဝန်ကို နိုဝင်ဘာလ အပြီးဆောက်မယ်ဆိုတာကို တင်ပြပြီးပါပြီ” ဟု ၎င်းကဆိုသည်။

ရွှေဂုံတိုင် ခုံးကျော်တံတားကို သတ်မှတ်အချိန်အတွင်း အပြီးတည်ဆောက်ရန် နေ့ညဆောက်ရွက်လျက်ရှိပြီး လုပ်ငန်းပြီးစီးမှု ပမာဏမှာ ထက်ဝက်ကျော်ရှိပြီ ဖြစ်ကြောင်း၊ သံပေါင်များထားရှိရန်၊ ကွန်ကရစ်ခင်းရန်နှင့် ပင်မတိုင်အချို့ တည်ဆောက်မှု အပြီးသတ်ရန် ကျန်ရှိသေးကြောင်း Capital Development Limited ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တံတားကင်းလွတ်အမြင့် ၁၈ ပေရှိပြီး သံကူကွန်ကရစ် တံတားဖြစ်ကာ လေးလမ်းသွားအဖြစ် တည်ဆောက်နေသော ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်ရေး စီမံကိန်းဒါရိုက်တာ ဦးအေးသော်က တံတားတည်ဆောက်မှုသည် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့တွင် ပြီးစီးမည် ဖြစ်သည်ဟု နိုင်ငံပိုင်သတင်းစာတွင် ဇွန်လအကုန်ပိုင်းက ဖြေကြားခဲ့သည်။

ရွှေဂုံတိုင် ခုံးကျော်တံတားကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင်စတင် ပန္နက်ရိုက်လုပ်ငန်း စတင်ခဲ့ကာ စီမံကိန်းပိုင်ရှင်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရဖြစ်ပြီး ကြီးကြပ်သည့်အဖွဲ့မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဖြစ်သည်။

အလားတူ ရန်ကုန်မြို့ ဘုရင့်နောင်လမ်းရှိ ၂၀၁၂ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ပန္နက်တင်ခဲ့ကာ တည်ဆောက်နေသော ဘုရင့်နောင်ခုံးကျော်တံတား တည်ဆောက်မှုမှာလည်း ယခုနှစ် ဒီဇင်ဘာလအကုန် ပိုင်း၌သာ ပြီးစီးဖွယ် ရှိကြောင်း ၎င်းတံတားကို တာဝန်ယူ တည်ဆောက်နေသည့် FMI ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးထံမှ စုံစမ်းသိရှိရသည်။

No comments:

Post a Comment