Thursday, July 25, 2013

" ပွဲစားများနှင့် ဝရုန်းသုန်းကား"

သို့
အယ်ဒီတာရှင့်

ကျွန်မက နယ်ဒေသများကို မကြာခဏခရီးထွက်ရတဲ့ ကုမ္ပဏီဝန်ထမ်း တစ်ဦးပါ။ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးကို မကြာခဏသွားရတတ်တာကြောင့် လှိုင်သာယာ၊ ဒဂုံဧရာအဝေးပြေးကနေ အမြဲကားစီးရပါတယ်။ အဲဒီလို ကားစီးဖို့သွားတိုင်း အမြဲတမ်းစိတ်အနှောင့်အယှက်ဖြစ်ရတာကတော့ အဲဒီအဝေးပြေးဝင်းထဲက ပွဲစားတွေပါပဲ။

လူတွေတောင် အငှားယာဉ်ပေါ်က မဆင်းရသေးဘူး။ ဘေးကနေ အတင်းလိုက်၊ အိတ်တွေကို အတင်းဆွဲပြီး ၁ဝ ယောက် ၁၅ ယောက်လောက်ဝိုင်းအုံပြီး ဘယ်ဂိတ်သွားမှာလဲ။ လက်မှတ်ဝယ်ပြီး
ပြီလားဆိုပြီး အတင်းလိုက်မေးတော့တာပါပဲ။ ပြန်မဖြေမချင်း လိုက်မေးပြီး ပြန်ဖြေပြန်တော့လည်း ဘေးကနေထွက်မသွားဘဲ ယိသဲ့သဲ့စကားတွေပြောပြန် ပါတယ်။

အဲဒီလိုကြုံနေရတာ ကျွန်မတစ်ဦးတည်းမဟုတ်ပါဘူး။ အဝေးပြေးဝင်း ကိုလာတဲ့လူတွေအကုန် ဒီအတိုင်းကြုံနေကြရတာပါ။ ကျွန်မ မြင်သလောက် မိန်းကလေးငယ်ငယ်လေးတွေဆိုပိုဆိုးပါတယ်။ ဘေးကနေ ယောက်ျားလေး တွေဝိုင်းအုံပြီးလိုက်နေတာ အရမ်းကို ရုပ်ပျက်ဆင်းပျက်နိုင်လှပါတယ်။

အဝေး ပြေးဝင်းတွေမှာ တွေ့ရတဲ့ လူခေါ်ပွဲစားတွေတိုင်း
အဲဒီလိုပါပဲ။ မြောက်ဥက္ကလာ က အောင်မင်္ဂလာအဝေးပြေးဝင်းက ပွဲစားတွေက လှိုင်သာယာက လူခေါ်ပွဲ စားတွေလောက် မဆိုးပေမယ့် ထိုနည်းတူတူပါပဲ။ ခရီးထွက်မယ့်သူတွေဟာ ကိုယ်သွားမယ့်ခရီးအတွက် အမြဲကြိုတင် ပြင်ဆင်နေကြတတ်တာ သဘာဝပါပဲ။

ဒါပေမဲ့ လူအချို့အတွက် လူခေါ်ပွဲစားတွေထားဖို့လိုတယ်ဆိုရင်တောင် အကန့် အသတ်နဲ့ သေချာကြပ်မတ်ပြီး ခရီး သွား ပြည်သူတွေ စိတ်အနှောင့်အယှက် မဖြစ်အောင် ဆောင်ရွက်ပေးသင့်ပါတယ်။ အဲဒါကြောင့် အဝေးပြေးဝင်းတွေက သက်ဆိုင်ရာ တာဝန်ရှိသူတွေက
လူခေါ်ပွဲစားတွေရဲ့ ပရမ်းပတာနိုင်မှုတွေကို ကြပ်မတ်ဆောင်ရွက်ပေးပါလို့ အယ်ဒီတာမှတစ်ဆင့် တင်ပြလိုက်ပါတယ်။

ရန်ကုန်သူ

No comments:

Post a Comment