Thursday, July 25, 2013

မန္တလေး၊ အိုရီယင်တယ်ဟောက်စ်တွင် ပြုလုပ်သည့် မိန်းမလျာသက်ကြီးပူဇော်ပွဲ


မိန်းမလျာသက်ကြီးပူဇော်ပွဲကို ၂၀၁၃ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်တွင် မန္တလေးမြို့၊ အိုရီယင်တယ်ဟောက်စ် ခန်းမတွင် ကျင်းပခဲ့သည်။ လူသိလွယ်စေရန် မိန်းမလျာဟု သုံးနှုန်းလိုက်ရသော်လည်း သူတို့ကိုယ်တိုင်ကမူ မိန်းမ လျာဆိုသည့်အခေါ်အဝေါ်ကို သုံးနှုန်းထားခြင်းမရှိပေ။ “ပန်းအလှပြင်နှင့် မိတ်ကပ်ပညာရှင်ကြီးများ” ဟု သုံးနှုန်း ထား၏။ ခန်းမကြီး၏ထိပ်မှ စင်မြင့်ပေါ်တွင် “ပန်းအလှပြင်နှင့်မိတ်ကပ်ပညာရှင်ကြီးများ တတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲ” ဟူသောစာတမ်းကို ခန့်ညားစွာချိတ်ဆွဲထားသည်။
အလွှာအသီးသီးမှ အရွယ်အမျိုးမျိုးရှိသော မိန်းမလျာပေါင်းစုံတက်ရောက်သည့် ပွဲတစ်ပွဲဖြစ်ပါသည်။ ယခု နှစ်သည် တတိယအကြိမ်မြောက်အဖြစ် ကျင်းပသည့်ပွဲဖြစ်ပါသည်။ ဒေါ်ဝတ်ရည်၊ ဒေါ်ပုလဲ၊ ဒေါ်မင်းမင်း… စသည့် မန္တလေးမြို့၏ ထင်ရှားသော နာမည်ကျော် အလှဖန်တီးရှင်ကြီးများက ကမကထပြု ကျင်းပသည့် ပွဲတစ်ပွဲလည်းဖြစ် သည်။ ဗုဒ္ဓဘာသာထွန်းကားသောမြန်မာနိုင်ငံတွင် ကြီးသူတို့ကို မမေ့မလျော့ ပူဇော်ကန်တော့သောအလေ့မှာ လူ တန်းစားမရွေးထံတွင်ရှိကြောင်း ပြသလိုက်သည့် ပွဲတစ်ပွဲဟု ဆိုနိုင်ပါသည်။
အခန်းအနားကို ညနေ(၆)နာရီမှစတင်ခဲ့သည်။ မြို့မတီးဝိုင်းအဖွဲ့ဖြင့် ဧည့်ခံဖျော်ဖြေပါသည်။ ကန်တော့ခံ သက်ကြီး မိန်းမလျာ (၁၅)ဦးရှိပြီး အဆိုပါအခန်းအနားတွင် (၁၄)ဦးကို ကန်တော့ခဲ့ကြသည်။ တစ်ဦးမှာ ကျန်းမာရေး အခြေအနေကြောင့် မတက်ရောက်နိုင်သည့်အတွက် အိမ်တိုင်ရာရောက် သွားရောက်ကန်တော့မည်ဖြစ်ကြောင်း သိရသည်။ အသက်၇၀အထက်ရှိ မိန်းမလျာကြီးများကို ပူဇော်ကန်တော့ခြင်းဖြစ်ကြောင်း သိရသည်။
အသက်အကြီးဆုံးအဖြစ် (၉၄)နှစ်အရွယ်ရှိ မာမီအောင်(ခေါ်)ဦးအောင်အောင်ကို မြင်တွေ့ခဲ့ရပါသည်။
ကန်တော့ခံပုဂ္ဂိုလ် (၁၄)ဦးစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။
ဦးအောင်အောင်(၉၄နှစ်)။ ဦးထွန်းကြည်(၈၅နှစ်)။ ဦးမောင်မောင်(၈၅)နှစ်။ ဦးမောင်မောင်သွင်(၈၁နှစ်)။ ဦးမြသန်း(၈၀နှစ်)။ ဦးချစ်ဆွေ(၇၉နှစ်)။ မခိုင်(၇၈)နှစ်။ ဦးတိုး(၇၈)နှစ်။ မာမီဂျူး(၇၇နှစ်)။ ဦးလှရွှေ(၇၅နှစ်)။ ဦးပီတာကောင်းမြတ်(၇၄နှစ်)။ ဦးအေးမောင်(၇၃နှစ်)။ ဦးစံပြုံး(၇၂နှစ်)။ ဦးပါ(၇၁နှစ်)တို့ဖြစ်ကြသည်။

Saung Luu Lin

No comments:

Post a Comment