Thursday, July 25, 2013

ဂျပန်နိုင်ငံ အခြေစိုက် Nissan ကား ကုမ္ပဏီ၏ အရောင်းပြခန်း

ဂျပန်နိုင်ငံ အခြေစိုက် Nissan ကား ကုမ္ပဏီ၏ အရောင်းပြခန်း၊ ၀န်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်း စင်တာ (3S စင်တာ) ကို ဇူလိုင် ၃၁ ရက်တွင် တရားဝင်စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း မလေးရှား အခြေစိုက် Tan Chong အုပ်စုထံမှ သတင်းရရှိသည်။

အဆိုပါ စင်တာကို အမှတ် ၄၄၃ ပြည်လမ်း ၈ ရပ်ကွက် ကမာရွတ်မြို့နယ်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ကားအသစ်များကိုသာ ရောင်းချသွားမည် ဖြစ်သည်။ Nissan ၏ ၀န်ဆောင်မှု စင်တာကို အဆိုပါ နေရာ၌ပင် ဖေဖော်ဝါရီ ၂ ရက်က Business Opening အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

မလေးရှားအခြေစိုက် Tan Chong Group သည် အရှေ့တောင်အာရှ ဒေသတွင် ဂျပန်နိုင်ငံရှိ Nissan အုပ်စုနှင့် အဓိက ချိတ်ဆက် လုပ်ကိုင်နေသော ကုမ္ပဏီဖြစ်ပြီး မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့ တွင် ကားဝန်ဆောင်မှု စင်တာများ၊ ရောင်းချရေး စင်တာများနှင့် မော်တော်ယာဉ်တပ်ဆင် ထုတ်လုပ်ရေး စက်ရုံများ တည်ထောင် လုပ်ကိုင်နေသည့် ကုမ္ပဏီအုပ်စု ဖြစ်ကြောင်း သိရသည်။

Tan Chong Group မှ အစုရှယ်ယာ ရာခိုင်နှုန်း ၉၀ ပိုင်ဆိုင်သည့် E-garage အမည်ဖြင့် ကားဝန်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်း ရောင်းချသည့် စင်တာကို ဖွင့်လှစ်ပြီးဖြစ်ကာ Tan Chong Group မှ ဒါရိုက်တာဖြစ်သူ Dato' Cheah Sam Kip နှင့် အဖွဲ့သည် မြန်မာနိုင်ငံတွင် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် အတွက် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဇူလိုင် ၁၆ ရက်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ Nissan ကုမ္ပဏီသည် ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ကားကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း လူကြိုက်များသည့် အမှတ်တံဆိပ် တစ်ခုဖြစ်ပါသည်။ Nissan Motor ကုမ္ပဏီကို ၁၉၃၃ ခုနှစ် ဒီဇင်ဘာတွင် စတင် တည်ထောင်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ဘဏ္ဍာရေး အခက်အခဲများကြောင့် ပြင်သစ်ကားကုမ္ပဏီ တစ်ခုဖြစ်သည့် Renault နှင့် ပူးပေါင်းခဲ့သည်။

မြန်မာနိုင်ငံအတွင်း ထင်ရှားသည့် Nissan ကုမ္ပဏီထုတ် ကားများမှာ Sunny၊ GTR၊ Fairlady Z၊ Skyline၊ Serena၊ Cedric၊ A.D၊ Cefiro၊ Laurel၊ President၊ Bluebird၊ Atlas၊ Primera၊ Avenir၊ Tiida၊ Caravan၊ Civilian၊ Gloria၊ Vanette စသည်တို့ ဖြစ်သည်။ Nissan ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး အရောင်းပြခန်း၊ ၀န်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်းစင်တာ (3S စင်တာ) ဖွင့်လှစ်နိုင်သည့် ကုမ္ပဏီတစ်ခု ဖြစ်လာပြီး အမေရိကန် အခြေစိုက် Ford၊ Chevrolet၊ ဂျာမနီအခြေစိုက် Mercedes -Benz၊ တောင် ကိုရီးယားအခြေစိုက် Hyundai စသည့် ကုမ္ပဏီများကလည်း 3S စင်တာများ မကြာမီ ဖွင့်လှစ်တော့မည် ဖြစ်ကြောင်းလည်း သိရသည်။

Eleven Media Group

No comments:

Post a Comment