Tuesday, July 30, 2013

ရိုဟင်ဂျာတွေ ခိုလှုံခွင့်မတောင်းခဲ့ဘူးလို့ အရှေ့တီမောဆို ============================== 30.7.2013


အရှေ့တီမောနိုင်ငံကို လှေတွေနဲ့ ရောက်ရှိလာတဲ့ ခိုလှုံခွင့်တောင်းလိုသူ ရိုဟင်ဂျာတွေကို အရှေ့တီမောနိုင်ငံက လက်မခံပဲ အင်ဒိုနီးရှားပိုင်နက်ထဲ ပြန်သွားဖို့ ပြောခဲ့တယ်ဆိုတဲ့အပေါ် အရှေ့တီမောအစိုးရက ငြင်းပယ်လိုက်ပါတယ်။
ဒီလ အစောပိုင်းတုန်းကပဲ မြန်မာနိုင်ငံက ရိုဟင်ဂျာအများစုပါဝင်တဲ့ လူပေါင်းတစ်ရာလောက်ဟာ သြစတြေးလျနိုင်ငံကို လှေတွေနဲ့ ခိုးဝင်ဖို့ ကြိုးစားတုန်း ပင်လယ်ပြင်မှာ ဒုက္ခရောက်ပြီး အရှေ့ တီမော နိုင်ငံကို မျောပါသွားခဲ့ပါတယ်။

ဒီလို ဒုက္ခရောက်သူတွေကို အရှေ့တီမောနိုင်ငံက လက်မခံပဲ အင်ဒိုနီးရှားပိုင်နက်ထဲပြန်တွန်းပို့တဲ့အတွက် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာ ရောက်တယ်လို့ ပြောခဲ့တာကို အရှေ့တီမောအစိုးရက ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။ အရှေ့တီမောအနေနဲ့ ရောက်ရှိလာတဲ့ လှေကို ပြုပြင်ပေးခဲ့ပြီး လာရာလမ်း အတိုင်း ပြန်ဖို့သာ ပြောပြီး လှေပေါ်ပါလာသူတွေ ကလည်း ပြန်သွားဖို့ သဘောတူ ခဲ့တယ်လို့ ဆိုပါတယ်။

အရှေ့တီမောကို မျောပါသွားရာမှာ ပါဝင်ခဲ့တဲ့ ဇော်ဝင်းဆိုသူကတော့ သူတို့ကို အရှေ့တီမောနိုင်ငံမှာ ခိုလှုံခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အရှေ့တီမောအာဏာပိုင်တွေက ခိုလှုံခွင့်ပေးဖို့ ငြင်းဆိုခဲ့တယ်လို့ ပြောပါတယ်။

အရှေ့တီမောအစိုးရကတော့ အရှေ့တီမောမှာ စာနာစိတ်၊ သနားစိတ်ရှိတဲ့အကြောင်း မိမိတို့နိုင်ငံမှာ ဘာသာရေး၊ နိုင်ငံရေးအခြေအနေကြောင့် နေထိုင်လို့မရပဲ တပါးနိုင်ငံကို ထွက်ပြေးနေရသူတွေအပေါ် စာနာပြီး ခိုလှုံခွင့်ပေးဖို့ အသင့်ရှိပေမယ့် ခုချိန်ထိ အရှေ့တီမောနိုင်ငံမှာ အခြေချခွင့် ပေးဖို့ တောင်းဆိုလာတဲ့ ခိုလှုံခွင့်တောင်းခံသူ တစ်ဦးတစ်ယောက်မှ မရှိသေးဘူးလို့ အရှေ့တီမော နိုင်ငံခြားရေးဝန်ကြီး Jose Louis Guterres က တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

ABC Radio

No comments:

Post a Comment