Thursday, July 25, 2013

ဒဂုံတောင်မြို့နယ်တွင် အမျိုးသမီးအလောင်းနှင့် ကလေးအလောင်း တွေ့ရှိမှုအား သေမှုသေခင်းမှ လူသတ်မှုသို့ပြောင်းလဲစစ်ဆေး ရန်ကုန်၊ ဇူလိုင် ၂၄

၂၃.၇.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် ဒဂုံတောင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊
ရွာသာကြီးရပ်ကွက်၊ ဒီဇင်ဘာအိမ်ယာမုခ်ဦးအ၀င်လမ်း၏ အနောက်ဘက်ကွင်းထဲတွင် အမျိုးသမီး အလောင်းတစ်လောင်း
တွေ့ရှိကြောင်းသတင်းအရ သက်သေများနှင့်အတူသွားရောက် စစ်ဆေးခဲ့ကြပါသည်။

စစ်ဆေးစုံစမ်းချက်အရ သေဆုံးသူမှာ မအေးအေးအောင်၊ ၂၁နှစ်၊ အအေးခန်းစက်ရုံအလုပ်သမ၊ (ဘ)ဦးမြင့်အောင်၊ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်နေသူဖြစ်ကြောင်းသိရှိရပြီး
ကလေးမွေးဖွားထားသည့်လက္ခဏာရှိကာ ဘေးတွင်မွေးကင်းစ
ယောက်ျားလေးတစ်ဦး အလောင်းကိုပါတွေ့ရှိရပြီး အလောင်းများမှာ ပုတ်ပွလျက်ရှိရသဖြင့် ဒဂုံတောင်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၃၃/၂၀၁၃)ဖြင့်ရေးဖွင့်၍ သေဆုံးရသည့်အကြောင်းရင်းအား စုံစမ်းစစ်ဆေးခဲ့ပါသည်။

အလောင်းများအား သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ ပို့အပ်စစ်ဆေးခဲ့ရာ မှုခင်းဆရာဝန်ကြီးမှ နှုတ်ဖြင့် ထင်မြင်ချက်ပြောကြားရာတွင် သေဆုံးသူ မအေးအေးအောင်သည်လည်ပင်းယာဘက်အရိုက်ခံရသည့် ဒဏ်ရာနှင့် ဗိုက်တွင်အကန်ခံရ၍ သားအိမ်ပေါက်ပြီးကလေးအပြင်ထွက်ကျကာ
သေဆုံးခြင်းဖြစ်ကြောင်း၊ ကလေးမှာဗိုက်ပေါက်အူထွက် သေဆုံးခြင်း
ဖြစ်ကြောင်း၊ သေဆုံးချိန်မှာ ၄/၅ ရက်ခန့်ရှိပြီးဖြစ်ကြောင်း
ပြောပြသိရှိရပါသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့ရာ မအေးအေးအောင်နှင့် ချစ်ကြိုက်ပြီး သားမယားအဖြစ် ဆက်ဆံခဲ့သူ ပြည့်ဝအောင်(စုံစမ်းဆဲ) မှ ၁၉.၇.၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန်ခန့်တွင် မအေးအေးအောင်အား လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထိုအချိန်မှစ၍
ပျောက်ဆုံးနေကြောင်းတို့ကို စက်ရုံမှသက်သေများ၏
ထွက်ဆိုချက်များအရ သိရှိရသဖြင့် မအေးအေးအောင်နှင့်
ဝမ်းဗိုက်အတွင်းရှိကလေးအားသေအောင်ပြုလုပ်သူ
ပြည့်ဝအောင်(စုံစမ်းဆဲ) အားဒဂုံတောင်မြို့မရဲစခန်း (ပ)၆၀၂/၂၀၁၃၊
ပုဒ်မ ၃၀၂ ဖြင့် ၁၉၅၀ အချိန် အမှုဖွင့်လှစ်ပြီး ဖမ်းဆီးရမိရေးစုံစမ်း
ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

No comments:

Post a Comment