Thursday, July 25, 2013

ကုန်းလမ်းခရီး တစ်ခုတည်းကိုသာ အားထားရသော ချင်းပြည်နယ်တွင်း မိုးရာသီအတွင်း တောင်ပြိုမှုများကြောင့် ကားလမ်းပိတ်မှု မကြာခဏ ဖြစ်ပေါ်နေကြောင်း


''ဇူလိုင် ၂၃ ရက်က သိုင်းငင်းကျေးရွာ အောက်နားလေးမှာ တောင်ပြိုကျသွားလို့ ကားလမ်းပိတ်သွားတယ်။ ကားတွေရော ဆိုင်ကယ်တွေပါ သွားမရဘူး။ ချင်းပြည်နယ် အစိုးရ အဖွဲ့ဝင်တွေရဲ့ ကားတွေပါ ပိတ်မိနေတယ်။ အချိန် ၄ နာရီလောက် ကြာမယ်။ ဟိုဘက်ဒီဘက်ဆို ဆိုင်ကယ်နဲ့ကား အစင်းရေ ရာကျော်လောက်ရှိမယ်'' ဟု ဇူလိုင် ၂၃ ရက်က တီးတိန်မြို့မှ ပြန်လာသူ ကိုဝင်းသူစိုးက ပြောကြားသည်။

ချင်းပြည်နယ်သည် အခြားပြည်နယ် များကဲ့သို့ လေယာဉ်လမ်း၊ ရေလမ်းခရီးတို့ မရှိဘဲ ကုန်းလမ်းခရီးဖြင့်သာ သွားလာကြရသည်ဟု သိရသည်။

''ချင်းတောင်ပေါ်မှာက မိုးရာသီဆိုရင် တောင်ပြိုတာတွေ ခဏခဏ ရှိတော့ ကားမောင်းရတာ မလွယ်ဘူး။ လမ်းဘေးတွေ ချောက်ဘေးဘက်ဆို သိပ်ကပ်ပြီး မောင်းလို့မရဘူး။ မြေသားကျွံပြီး တောင်အောက် ကားပြုတ်ကျမှာ စိုးရတယ်။ လမ်းတွေကို ဒီထက်ပိုချဲ့ပေးရင် ပိုကောင်းမယ်'' ဟု ကားဆရာ ကိုအောင်ကိုကိုဦးက ဆိုသည်။

ချင်းပြည်နယ် တောင်တန်းများသည် သက်နုတောင်များ ဖြစ်ခြင်းကြောင့် မိုးရာသီတွင် မကြာခဏ မြေပြိုလေ့ရှိပြီး မြေဆီလွှာ ထိန်းသိမ်းနိုင်မည့် အပင်ကြဲပါးမှုကြောင့် ဖြစ်သည်ဟု သိရသည်။

''ဇူလိုင် ၂၀ ရက်က ရှုခင်းသာက အဆင်းမှာ လူငယ်တစ်ဦး ဆိုင်ကယ်နဲ့ တောင်အောက် ပြုတ်ကျတယ်။ အကွေ့တွေမှာ အရှိန်လွန်ပြီး ပြုတ်ကျနိုင်တယ်။ မျက်နှာချင်းဆိုင် တိုက်နိုင်တယ်။ ကျွန်တော်တို့ သွားတဲ့နေ့တုန်းကဆိုရင် ကားနှစ်စီး မျက်နှာချင်းဆိုင် အရှိန်နဲ့တွေ့တာ ကံကောင်းလို့ မတိုက်မိတာ'' ဟု ချင်းတောင် ခရီးသည် တစ်ဦးက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment