Wednesday, July 3, 2013

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဗဟိုရုံးနှင့် မူးယစ်ဆေးဝါးပပျောက်ရေးဌာနနှင့် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ မူးယစ်တရားခံပြေးအား ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိ


၁-၈-၂ဝ၁၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာတွင် မန္တလေးမြောက်ပိုင်းမူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ညောင်ကန်အုပ်စု၊ သဲကုန်းကျေးရွာနေ အောင်ကိုလတ်(၃၇)နှစ် မောင်းနှင်လာသည့် ၄ဂ/×××× Mark II ဆလွန်းယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား(၁၇၁ဝဝဝ)ပြား၊ လက်ကိုင်ဖုန်း(၁)လုံး၊ ငွေကျပ်(၁၂)သိန်းတို့အား သိမ်းဆည်းရမိခဲ့သည်။ စစ်ဆေးပေါ်ပေါက်ချက်အရ မူးယစ်ဆေးဝါးများ၏ပိုင်ရှင်ဖြစ်သူမှာ တရုတ်နိုင်ငံ၊ ဂျယ်ဂေါင်မြို့နေ စိုးမင်း(ခ)ဟာဂျီ(ခ)အာမတ်ဒူလ္လာဖြစ်ကြောင်း သိရှိရသဖြင့် တရုတ်နိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ စိုးမင်း(ခ)ဟာဂျီ(ခ)အာမတ်ဒူလ္လာအား ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံမှ လွဲပြောင်းပေးသဖြင့် အောင်ကိုလတ်နှင့် စိုးဝင်း(ခ)ဟာဂျီ(ခ)အာမတ်ဒူလ္လာတို့(၂)ဦးအား ပိတ်ချင်းမြောင် ရဲစခန်း မယ(ပ)၂/၂ဝ၁၂၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/ ၂ဝ(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ အမှုနှင့်ပတ်သက်၍ စိတ်ကြွရူးသွပ်ဆေးပြား များအား ရန်ကုန်မြို့တွင်လက်ခံပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့တင်ပို့သူ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၅)ရပ်ကွက်၊ (၅၂)လမ်းနေ ရွေနု(၄၃)နှစ်အား မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်တရားရုံးမှ ဖမ်းဝရမ်းထုတ်ဆင့်၍ တရားခံပြေးကြေညာခဲ့သည်။
စုံစမ်းစစ်ဆေးချက်အရ ၁ဝ-၇-၂ဝ၁၂ ရက်နေ့တွင် ရွေနုသည် ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်းနှင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ စီလုံရပ်ကွက်ရှိ Robinson စူပါမားကတ်နှင့် Sheraton ဟိုတယ်ကြား၊ ပါကစ္စတန်လက်ဖက်ရည်ဆိုင်တွင် ရှိတတ်ကြောင်း၊ စာတိုက်ကြီး ဝဲဘက်လမ်းကြားရှိ မွတ်ဆလင်သင်္ချိုင်းအနီးရှိ ပါကစ္စတန်ဗလီတွင် ဝတ်ပြုလေ့ရှိကြောင်း စုံစမ်းဖော်ထုတ်သိရှိရသည်။ ၎င်းအား ကူညီစုံစမ်းဖမ်းဆီးပေးရန် ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေး အဖွဲ့(ONCB)နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဗဟိုရုံးနှင့် မူးယစ်ဆေးဝါးပပျောက်ရေးဌာနတို့ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ၂-၆-၂ဝ၁၃ ရက်နေ့တွင် တရားခံပြေး ရွေနုအား ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ပရာယာဘိုရပ်ကွက်၊ ၁ဝ၅ လမ်း၊ အခန်း ၄၃/ဘီ တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ ၂၁-၆-၂ဝ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ရုံးတွင် တရားခံပြေး ရွေနုအား လွဲပြောင်းလက်ခံရယူခဲ့ပြီး ၂၂-၆-၂ဝ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ခဲ့ကာ အမှုနှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
http://myanmarpoliceforce.org/index.php?option=com_content&view=article&id=544%3A2013-07-02-05-48-11&catid=105&Itemid=680 တွင်ဖော်ပြထားရှိပါသည်။
ရဲဇာနည်

ZinYawNews

No comments:

Post a Comment