အမှောင်ထဲမှ ခဲနှင့်ထုခြင်း၊ ၀ါဒဖြန့်ချိခြင်းနှင့် အာဏာရှင် စနစ်
မြန်မာနိုင်ငံတွင် TIME မဂ္ဂဇင်းအား ပိတ်ပင်ရသည်အထိ တင်းမာမှုများ
ဖြစ်ပေါ်လာရခြင်းမှာ အွန်လိုင်းလူမှု ကွန်ရက်များနှင့် ပြည်တွင်းမီဒီယာများ၏
ပုံကြီးချဲ့ ရေးသားမှုများကြောင့်ဖြစ်ပြီး ပဋိပက္ခများ ဖြစ်ပေါ်စေရန်
အစိုးရနှင့် တပ်မတော်တို့မှ ကြိုးကိုင်လုပ်ဆောင် နေမှုကြောင့် မဟုတ်ကြောင်း ဇွန် ၂၉ ရက်တွင် ကျင်းပခဲ့သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့ပါသည်။
TIME မဂ္ဂဇင်း ပြဿနာသည် လူမှုကွန်ရက်များတွင် လှုံ့ဆော်မှုများကြောင့်
ကြီးထွားလာခြင်း ဖြစ်နိုင်သော်လည်း တရားဝင် ပြည်တွင်းမီဒီယာများ၏
ပုံကြီးချဲ့မှုကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်ဆိုသည့် ဒုဝန်ကြီး၏
စွပ်စွဲပြောဆိုချက်သည် အဖြစ်မှန်နှင့် လုံးဝဆန့်ကျင် နေပါသည်။
သတင်းမီဒီယာနှင့် လူမှုကွန်ရက်သည် ပုံသဏ္ဌန်အားဖြင့် တူသော်လည်း
အနှစ်သာရအားဖြင့် လုံးဝကွဲပြား ခြားနားပါသည်။ ပြည်တွင်းတွင် တရားဝင်
ရပ်တည်နေသော သတင်းမီဒီယာသည် မည်သည့်ရေးသားချက်များ အတွက်မဆို
တာဝန်ခံထားရပါသည်။ သို့သော် လူမှုကွန်ရက်များတွင် ရေးသားဖော်ပြသော အရာများ
အတွက်မူ တာဝန်ခံယူမှုများ မရှိပါ။ ထို့အတွက်ကြောင့် လူမှုကွန်ရက်များသည်
ဝါဒဖြန့်ချိရေး ယန္တရားအတွက် လူမျိုးရေး၊ ဘာသာရေး အမုန်းပွားမှုများ
လှုံ့ဆော်နိုင်အောင် အကောင်းဆုံး လှုပ်ရှားနိုင်သည့် နေရာတစ်ခု ဖြစ်လာပါသည်။
ထိုသို့ အစွန်းရောက်ဝါဒဖြန့် လှုံ့ဆော်မှုများကို အမည်မဖော်ပြနိုင်သော
မည်မည်ရရ မရှိသော အသုံးပြုသူ အခွဲများဖြင့် ပြင်းပြင်းထန်ထန် ပြုလုပ်လျက်
ရှိသော်လည်း မည်သို့မျှ အရေးယူ ဆောင်ရွက်ခြင်းမှ မရှိဘဲ တရားဝင်
ရပ်တည်ချက်ဖြင့် တာဝန်ယူမှု အပြည့်ရှိသော ပြည်တွင်းသတင်း မီဒီယာများအပေါ်
စွပ်စွဲခဲ့သော ပြောဆိုချက်သည် လုံးဝမှားယွင်းပါသည်။
ထိုကဲ့သို့
မည်သူမည်ဝါမှန်းမသိ တာဝန်ယူမှု မရှိသော လှုံ့ဆော်ရေးသား သူများကို
အမှောင်ထဲမှ ခဲနှင့်ထုသူများဟု ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က
ဒေါက်တာဆိတ်ဖွား ပြဿနာတွင် သုံးနှုန်းခဲ့ပါသည်။ အစိုးရ အနေဖြင့် အမှန်တကယ်
ထိန်းချုပ်ရမည်မှာ ထိုကဲ့သို့ အမှောင်ထဲမှ ခဲနှင့်ထုနေသူများကို
ဖြစ်ပါသည်။ ထိုသူများသည် ယခင်က အာဏာရှင်စနစ်၏ ၀ါဒဖြန့် ယန္တရားအဖြစ်
ရပ်တည်ခဲ့ပြီး ယခုထက်တိုင်လည်း လူမျိုးရေး ဘာသာရေး၊ နိုင်ငံရေး
လှုံ့ဆော်မှုများကို အရေးယူမှုမရှိ လွတ်လွတ်လပ်လပ် ဖြန့်ဝေနေဆဲပင် ဖြစ်သည်။
ထိုကဲ့သို့ ၀ါဒဖြန့်ချိမှုများကြောင့် ပဋိပက္ခများ သက်ဆိုးရှည်နေ
ရခြင်းဖြစ်ပြီး ၎င်းတို့၏ တည်ရှိနေမှုသည် အာဏာရှင် စနစ်၏ အငွေ့အသက်ကို
ပြဆိုနေပါသည်။ ထိုဝါဒဖြန့်ချိရေး သမားတို့၏ ရည်ရွယ်ချက်မှာလည်း လူထုကြား
ပဋိပက္ခများ ပိုမိုဖြစ်ပွားလာပြီး အာဏာရှင် စနစ်သို့
နောက်ပြန်လှည့်သွားရန်ပင် ဖြစ်သည်။ ထိုသို့ လူမှုကွန်ရက်များတွင်
ဝါဒဖြန့်ချိနေသူများနှင့် ပတ်သက်၍ အစိုးရအနေဖြင့် တကယ်တမ်း အရေးယူ
ဆောင်ရွက်လိုပါက အရေးယူ ဆောင်ရွက်နိုင်စွမ်း ရှိသည်ကို ဒေါက်တာဆိတ်ဖွား
ကိစ္စတွင် သိရှိနိုင်ပါသည်။
ထို့ကြောင့် အစိုးရ အနေဖြင့်
ဝါဒဖြန့်ချိနေသူများ တစ်နည်းအားဖြင့် အမှောင်ထဲမှ ခဲနှင့်ထုနေသူများအား
လွတ်လပ်စွာ လုပ်ပိုင်ခွင့် ထပ်မပေးဘဲ ထိထိရောက်ရောက် ဖော်ထုတ်အရေးယူ
ဆောင်ရွက်ကာ ရှေ့ဆက်၍ လူမျိုးရေး ဘာသာရေး ပဋိပက္ခများ ထပ်မံမဖြစ်ပွားလာအောင်
တားဆီးဆောင်ရွက် ရမည်ဖြစ်ကြောင်း The Daily Eleven သတင်းစာမှ
တိုက်တွန်းရေးသား အပ်ပါသည်။
No comments:
Post a Comment